The Eternal Life of Kerry Magillသားတွေထဲမှာ( လေယယ်ဂျလစ်ကီ)

သားတွေထဲမှာ

1


သူတို့သည် ရေစက်လက်နှင့် သူ့ခန္ဓာကိုယ်ကို သူမထံသို့ သယ်ယူလာပြီး မီးဖိုချောင်က သံကွပ်ပျစ်ဟောင်းပေါ်မှာ ချလိုက်ကြသည်။

“ရေနစ်သွားလို့” တစ်ယောက်က ပြောသည်။ သူ့ အသံမှာ တစ်ခန်းလုံး ပျံ့နှံသွားပြီးလျှင် စိတ်ချောက်ချားနေသော ပိုးဖလံပမာ ပြတင်းမှန်ကို တိုးဝင် ရိုက်ခတ်သွားသည်။

“ဟင့်အင်း၊ သူ ဘာမှ မဖြစ်ဘူး” သူမက ပြောလိုက်သည်။ သူတို့၏ မျက်နှာတွေမှာ ချုံးကျနေ၏။ မျက်လုံးတွေကလည်း သူမကို မကြည့်။ ကွပ်ပျစ်ပေါ်မှာ အစန့်သား ဖြစ်နေသော သူမ၏ ခင်ပွန်းထံမှာလည်း လွှဲဖယ်ကာ လက်ဆေးခွက်၊ ပြတင်းပေါက် အနီးမှ ကြက်မောက်ပန်း၊ ကြမ်းပြင် စသည်များ၌သာ ရောက်နေသည်။


“အလုပ်ပြီးတော့ ကျွန်တော်တို့ မြစ်နားမှာ ကစားကြတယ်။ သူက မြစ် ဟိုဘက်ကမ်းကို လက်ပစ်ကူးပြမယ်၊ ဘယ်လောက် ပေးမလဲလို့ စိန်ခေါ်တယ်” သူတို့ထဲမှ တစ်ယောက်က ပြောသည်။ သူမက ပြုံးလိုက်၏။

သူ ဒီလိုပဲ။ ကလေးငယ် တစ်ယောက်လို ၀င့်ကြွားတတ်တယ်။ အမြဲတမ်းလည်း တက်ကြွနေတာပဲ။ ခု သူတို့ပြောတော့ သူ သေပြီးတဲ့လေ။

ဒါပေမယ့် သူ သေချင်မှ သေမှာပါ။ သေတယ်ဆိုရင် ကောင်းကင်ဘုံက အသစ်ရောက်လာသူကို လင်းကွင်းကြီးတွေ တီး၊ ခရာကြီးတွေ မှုတ်၊ စောင်းသံတွေ မြည်ဟီးပြီး ကြိုဆိုတာနဲ့ အသံဗလံတွေ ဆူညံနေမှာပေါ့။ ခုဆိုရင် ကွပ်ပျစ်အထက် စင်ပေါ်က နာရီစက်သံနဲ့ မီးဖိုထဲက ဖျိုးဖျိုးဖျောက်ဖျောက် အသံတွေလောက်ပဲ ရှိတာပဲ။ ဒီ အသံတွေ ဆိုတာက သူမနဲ့ သူ့ အိမ်ထောင်သက်တမ်း ဆယ့်တစ်နှစ်လုံး ကြားနေကျ အိမ်တွင်းက အသံတွေ။ ပြီးတော့လဲ ကယ်ရီဟာ ခါတိုင်းလိုပဲ တစ်ရေးတစ်မော အိပ်ဖို့ ကွပ်ပျစ်ပေါ်မှာ အခန့်သား ရှိနေတာပဲ။

“သူ မသေပါဘူး” သူမက ပြောလိုက်သည်။

တစ်စုံတစ်ယောက်က သူမ၏ သားသုံးယောက်ကို အထဲသို့ ခေါ်ဆောင်လာ၏။

“သူတို့ ပြောတယ်။ ဖေဖေ ရေနစ်လို့တဲ” သားကြီး ဘရန်က တီးတိုးပြောသည်။ သားကြီးသည် မိခင်ကို မထိ။ ကွပ်ပျစ်ထက်က ဖခင်ကိုလည်း မကြည့်။ သားကြီး အသက် ဆယ်နှစ် ရှိပြီ။ သူတို့ ပြောသမျှ သူ ယုံမှာပဲ။ သားလတ် တင်မသီလည်း သည်အတိုင်း။ သူ့ အသက် ခုနစ်နှစ်။ သားငယ် ဂျိုးဒီ။ သူ သိသည်။ အသက်ကတော့ လေးနှစ်ပဲ ရှိသေးသည်။ သားငယ်သည် ဖခင်ဆီ သွားကာ ဖခင်၏ မျက်နှာကို အသာပုတ်ပြီး “ဖေဖေ … ထ”။ သူမနှင့် သားငယ်တို့က သိသည်။ သည်လူတွေ ပြန်ထွက်သွားကြလျှင် အားလုံး ကောင်းလိမ့်မည်။

“အားလုံးပဲ ပြန်ကြပါတော့ရှင်” သူမက ညင်သာယဉ်ကျေးစွာ ပြောလိုက်၏။

“သူ့ကို ဂျက်ကာတာ ယူလာလိမ့်မယ်” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ဂျက်ကာတာမှာ မြို့က နိဗ္ဗာန်ကုန်သည် ဖြစ်သည်။ အတော် မိုက်တဲ့သူတွေ၊ ကယ်ရီ ဘာမှ မဖြစ်ဘဲ ဘာလို့ ဂျက်ကာတာက လာသယ်ရမှာလဲ။ ကယ်ရီမှ သတ္ထုတွင်း အလုပ်သမား၊ ပြီးတော့ သူက ဘ၀ကို မကြာခဏ စိန်ခေါ်တတ်သူ။ ဒါတွေနှင့် ပက်သက်ပြီး သူမက ပူပန်သည့်အခါ ကယ်ရီက ရယ်မောပစ်လိုက်သည်ချည်း ဖြစ်၏။

ငါ ဘာမှ ဖြစ်မှ မဟုတ်ပါဘူးကွာ သူ သည်လိုပြောတော့ သူမက မျက်မှောင်ကြုတ်သွားသည်။ သည်အခါ သူက ဟေ့ ဒီမှာ ဘက်ကီ၊ မင်း စိတ်တင်းတင်း ထားစမ်းပါ။ မင်းနဲ့ ငါ့ကို ဘာကမှ ခွဲနိုင်မှာ မဟုတ်ဘူး။ ခုလဲ မခွဲနိုင်ဘူး။ ကပ်ကမ္ဘာဆုံးစေတော့ မခွဲနိုင်ဘူးကွ ပြောရင်း သိုင်းဖက်လာသော သူ့လက်မောင်းတွေမှာ ခွန်အားတွေ ပြည့်နေလိုက်သည့် ဖြစ်ခြင်း၊။ သည်တော့လည်း သူပြောတာကို သူမ ယုံကြည်မိလေ၏။

ဟင့်အင်း .. ဂျက်ကာတာရဲ့ ရွံစရာကောင်းတဲ့ လက်မဲကြီးတွေနဲ့ ကယ်ရီ့ကို ယူ မသွားရဘူး။

အမှန်တော့လည်း သူတို့ ကယ်ရီ့ကို သယ်ယူသွားကြပါသည်။ သည်လို သယ်ယူကြသည့် လူတွေအပြင် အိမ်မှာလာပြီး ပြတင်းပေါက်တွေ သန့်ရှင်းရေး လုပ်သူလုပ်၊ ထင်းခွဲသူခွဲ စသည်ဖြင့် လူတွေ လာကြကာ မလိုအပ်တာတွေ လုပ်ကြသေးသည်။ သည်အရာအားလုံးကို တကယ့်အဖြစ် အနေနှင့် လက်မခံနိုင်သဖြင့် သူမမှာ ရယ်ချင်သလို ဖြစ်မိသေး၏။ ကယ်ရီ ဆိုလျှင်လည်း ခုနေအခါ ဘယ်ကပဲ ပြန်လာလာ သူမနှင့် အတူ ရောနှောရယ်မောမည် အမှန်။ ဘာလို့ ပြန်မလာတာလဲ ကယ်ရီရယ်။

ညအချိန်ရောက်လာ၏။ ညမှသည် နံနက်မိုးလင်းကာ ထိုမှတစ်ခါ နောက်တစ်ည။ နေ့တစ်နံနက်။ သူတို့သည် ချုံပုတ်တော တစ်နေရာမှာ အကြည့်တန်သော အ၀တ်ပတ် သေတ္တာတစ်လုံးကို မြုပ်နှံကြသည်။ တိုင်ကလေးမှာ သူ့နာမည် ရေးထိုးကြသည်။ ကယ်ရီမာဂစ်၊ မွေးဖွားသည်၊  ကွယ်လွန်သည်။

သူ သေပြီ။ သည်စကားလုံးများသည် သူမ၏ နှလုံးသားဆီသို့ မရောက်ကြသေး။ ရောက်ပြီဆိုလျှင် သူမ၏ နှလုံးသားကို ချေမွကြမည် ဖြစ်သည်။ ထို့ကြောင့် သူမက သည် စကားလုံးတွေကို ၀င်ခွင့် မပေး။

“ဖေဖေ ဘယ်တော့ ပြန်လာမလဲ ဟင်” သားငယ် ဂျိုးဒီက မေးသည်။ “တော်တော်ကြာ ပြန်လာလိမ့်မယ်” သူမက ဖြေသည်။ သူတို့ကို သူမကို တစ်နေရာမှာ ခေတ္တ သွားရောက် နေစေချင်သည်။ သားတွေလဲ တစ်ခြားသို့ ခေါ်သွား စေချင်ကြသည်။

“ဟင့်အင်း ကျွန်မတို့ ဒီမှာပဲ နေကြမယ်”

သူ ပြန်လာတဲ အချိန် အထိ ဟု သူမက ဖြည့်စွက် ပြောလိုက်ချင်သည်။ သူတို့၏ မျက်လုံးတွေ ဝေ့လည်လည် ဖြစ်သွားကြသဖြင့် ဆက်မပြောဘဲ နေလိုက်ရ၏။

“ကျွန်မတို့  ဒီမှာပဲ နေကြမယ်”

သူကတော့ ပြန်မလာပါ။ သွားသည်မှာ သုံးည ရှိခဲ့ပြီ။ ညတိုင်းဆိုလျှင် သူမသည် သူ့ကို ခေါ်ကြည့်သည်။

“ကယ်ရီ”

တံခါးအနီး မိုးမခပင်မှ အရွက်တွေ လှုပ်ရှားကာ ရွက်ချင်း ခတ်သွားသည်။ ထိုမှတစ်ဖန် လေထုသည် သူ့ အမည်ကို ဖမ်းယူကာ တောင်ကြားဒေသ တစ်ခွင်လုံး နှံ့အောင် ဝှေ့ယမ်းပြီးလျှင် ၀ံပုလွေကဲ့သို့ ကြေကွဲတမ်းတသံနှင့် အတူ ပြန်လည် ယူဆောင်ခဲ့လေသည်။

“ကယ်ရီ”

သူမ အသံမှာ သစ်ပင် ထိပ်ဖျားများတွင် ပဲ့တင်ထပ်ကာ တောင်တန်းများကို ရိုက်ခတ်၍ မှောင်မဲသော လျှိုမြောင်နှင့် ချိုင့်ဝှမ်းများ အကြားဝယ် ဖွေရှာလျက် ရှိ၏။

သူမသည် မြစ်ကမ်းဘေးမှာ လမ်းလျှောက်ရင်း ရေစီးသံကို နားစွင့်သည်။ အမှောင်ထဲဝယ် မြစ်ရေစီးမှာ နောက်ကျုကာ မကောင်းဆိုးရွား ဆန်လှ၏။

“ကယ်ရီ”

သူမက ခေါ်လိုက်သည်။ ခေါ်သံမှာ ရေပြင်ကို ရိုက်ခတ်ပြီးနောက် မြစ်၏ လှောင်ရယ်သံနှင့် ပေါင်းစပ်ကာ သူမထံသို့ ပြန်ရောက်လာခဲ့လေ၏။

ထို့နောက် သားငယ် ဂျိုးဒီ၏ ငိုသံကို ကြားရသဖြင့် ပြန်ခဲ့လေသည်။

ကုန်လွန်ခဲ့သော ရက်များဝယ် နေ့ အချိန်များတွင် ပင်ပန်းကြီးစွာ မဖြစ်လှပေ။ ကယ်ရီမှာ နေ့ အချိန်ဆိုလျှင် အလုပ်ခွင်မှာ ရှိနေတတ်သောကြောင့် ဖြစ်၏။ ညအချိန်မှာမူ သူမသည် ကယ်ရီကို ရှာဖွေတော့၏။

“ကယ်ရီ”

ညလယ်စာ စားချိန် သူ ပြန် မရောက်လျှင် သူမက ခုလို ခေါ်တတ်သည်။

“ကယ်ရီ”

သူမ၏ ခေါ်သံကြောင့် မိုးမခရွက်များ တုန်ခါသွားကာ ငိုကြွေးကြသည်။

သည်အခါ လူတွေ ရောက်လာပြီး -
“သူ နားပါစေတော့ကွယ်။ ပြန်လာမှာမှ မဟုတ်ဘဲ။ သွားပါစေ။”
“သူ ကျွန်မနဲ့ ဘယ်တော့မှ မခွဲဘူးလို့ ပြောတယ်။ ကတိလဲ ထားခဲ့တယ်။ သူ ဟောဒီ တစ်နေရာရာမှာ ရှိနေပါတယ်။”

သူမက တောင်ပတ်လည်ဝိုင်းသော မြေပြင်ကို ဝေ့၀ိုက်ကြည့်ရင် ပြောလိုက်သည်။

“ကျွန်မ သူ့ကို ရှာရမယ်။ ရှာရမယ်”

ညလေက သူမကို အကူအညီ ပေးလာသည်။ သူမ၏ အသံကို လူသူ မမြင်နိုင်သော တောင်ကြားများနှင့် တောင်ကြား၌ နေထိုင်သူ လူတိုင်းဆီသို့ ပို့ဆောင်ပေးသည်။ သူမ၏ ခေါ်သံကို ကြားသူတိုင်း ခေါင်းခါသည်ကိုတော့မူ သူမ သိသည်။

“ဒီည မသွားပါနဲ့ မေမေ” သားကြီး ဘရန်က ပြောသည်။ သို့သော်လည်း သူမကမူ နောက်ပါးက စိုက်ကြည့် ကျန်ရစ်သော သား သုံးယောက်ကို ထားရစ်ကာ အမှောင်ထုထဲသို့ ၀င်ရောက်သွားခဲ့သည်။

သည့်နောက် သူမသည် သူ့ အသံကို ကြားရလေ၏။

“စိတ် တင်းတင်းထားပါ။ ဘက်ကီ”

သူ့ အသံ အနည်းငယ်တော့ ပို၍ ကျယ်သယောင်ပဲ။ ဒါပေမင့် သူ့အသံ၊ သူ့လေယူလေသိမ်း၊ သူ့စကားလုံးများပင်တည်း။ သူ့ အသံမှာ သူမ၏ နောက်ဖက်မှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သို့သော် သူမ၏ နောက်တွင်မူ သား သုံးယောက်သာ။

“ကယ်ရီ၊ ကျွန်မ ရှင့် အသံကို ကြားရတယ်။”

“ကျွန်တော့် အသံပါ မေမေ” သားကြီးဘရန်က ပြောလိုက်လေသည်။

“ဘရန်၊ အသံကတော့ ကယ်ရီ့အသံပါလား”

“မေမေ ခုလို လာလာနေတာကို စွန့်လွှတ်လိုက်ပါတော့။ ဖေဖေ ပြန် မလာတော့ပါဘူး။”

“စောစောက မင်း ပြောတဲ့ စကားလုံးတွေ၊ အဲဒါတွေဟာ မင်း ဖေဖေရဲ့ စကားလုံးတွေပဲ”

“ဟုတ်ပါတယ်။ မေမေ စိတ်ပူတဲ့အခါ ဖေဖေ ပြောခဲ့တာတွေကို ကျွန်တော် ကြားဖူးပါတယ်။”

အသံကတော့ ကယ်ရီ့ရဲ့ အသံ။ သားကြီး ကယ်ရီ၏ မျက်နှာထက်မှ သူမကို ကြည့်နေသော တိမ်ခိုးရောင် မျက်လုံးတွေမှာလည်း ဖခင်ကယ်ရီ၏ မျက်လုံးများပင်တည်း။ သားကြီး၏ ခန္ဓာကိုယ်မှာတော့ သူမ၏ အစိတ်အပိုင်း၊ ကယ်ရီ၏ အစိတ်အပိုင်းဟုလည်း ဆိုရပေမည်။ သို့သော် နေပါဦး။ သားလတ် တင်မသီ။ သူမသည် ပြတင်းပေါက်မှ ၀င်ရောက်လာသော အလင်းရောင်ဖြင့် သားလတ်ကို ကြည့်လိုက်သည်။ သားလတ်၏ ဆံပင်မှာ ဖခင် ကယ်ရီ၏ နီသောဆံပင်။ ကိုယ်ထည်ဆိုလျှင် ဖခင်၏ ပြားချပ်ချပ် တင်ပါးနှင့် ကျယ်သော ပုခုံး။ သားငယ်မှာပင်လျှင် ဖခင်၏ အမြဲတမ်း ဖြစ်နေတတ်သော အပြုံးကို တွေ့ရသည်။

ဖခင်ကယ်ရီမှာ သားသုံးယောက်စလုံးတွင် တည်ရှိနေ၏။ သူ့သားများ။ သူမ၏ သားများတည်း။

သည်သားသုံးယောက်စလုံးမှာ မကွဲမပျက်နိုင်အောင် ရစ်ပတ်ဖွဲ့နှောင်ကာ တည်ရှိနေကြသည် တကား။

“မေမေ၊ ဖေ့ဖေ့ကို တွေ့လား ဟင်” သားငယ် ဂျိုးဒီက မေးလိုက်သည်။

“ဖေဖေ သေပြီ၊ ဂျိုးဒီ။ ဒါပေတဲ့ သားတို့ ဖေဖေလေ သားတို့ မေမေတို့နဲ့ အတူ အမြဲ ရှိနေမှာပါ”

သူသည် သူမနှင့် အတူ ရှိနေသည်။ သူနှင့် သူမတို့၏ သားတွေထဲမှာ။ သားတွေမှ တစ်ခါ မြေးတွေ မြစ်တွေ စသဖြင့် ကပ်ကမ္ဘာတိုင်အောင် ထာဝရ တည်ရှိနေမည်တည်း။ သားကြီး ဘရန်က ဦးခေါင်း ညိတ်လိုက်သည်။ သားလတ် တင်မသီကလည်း ဦးခေါင်း ညိတ်လိုက်၏။ တစ်နေ့မှာ သားငယ် ဂျိုးဒီ သည်လည်း သူမ နားလည်သလို နားလည်လာလိမ့်မည်။

သူမ၏ ခန္ဓာကိုယ် အတွင်းကို ကာရံထားခဲ့သော နံရံမှာ ပြိုကွဲ သွားချေပြီတည်း။ သည်အခါ နာကျင်ခြင်း ဝေဒနာကို ခံစား လိုက်ရသည်။ သို့သော် သည် ဝေဒနာမှာ နံရံလောက်တော့ လေးလံခြင်း မရှိလှပေ။

“ကဲ သားတို့ရေ အထဲကို ၀င်ကြစို့ကွယ်”

ပြောရင်း သူမသည် မိုးမခရွက်တွေ နောက်ထပ် တစ်ဖန် လှုပ်ရှားပြီး ငြိမ်သက်သွားသည်ကို ကြည့်နေမိလေ၏။

ဗမိုး

(အမေရိကန် စာရေးဆရာ လေယယ်ဂျလစ်ကီ၏ The Eternal Life of Kerry Magill ဗမိုး မြန်မာပြန်သည့် ဘ၀ရှင်မိန်းမသား ခုနစ်ပြည်ထောင် အမျိုးသမီးဝတ္ထုများ မှ ထပ်ဆင့် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

Comments

Popular posts from this blog

ထွက်ရပ်ပေါက်ဖို့

ဟင်းသီးဟင်းရွက်အခေါ်အဝေါ် များ

မြသန်းတင့် ခွေးကလေး