အသံတိတ်ဂီတ

ဆူညံနေတဲ့ အခန်းတွင်းမှာ မှိုင်တွေငေးရီ နေသူဆိုလို့ ကျွန်တော် တစ်ယောက်သာ ရှိမယ် ထင်ပါတယ်။ ကျွန်တော် မြင်သမျှ အဖြူအစိမ်း ၀တ်ထားတဲ့သူ အားလုံး အခုချိန် ပျော်ရွှင်
နေကြတယ်။ မြူးတူး နေကြတယ်။ ပြီးတော့ ကျောင်းဆင်း ခေါင်းလောင်းသံကို ငံ့လင့်နေကြတယ်။ ဒါ သဘာဝတရားလား။ ဒါမှမဟုတ် အမှန်တရားလား။ ဒီနေရာ ကျွန်တော်တစ်ခု စဉ်းစားကြည့်မိတယ်။ ကျောင်းဆင်း ခေါင်းလောင်းသံဟာကျောင်းသူ/ကျောင်းသားအားလုံးရဲ့ စိတ်နှလုံးကိုဖမ်းစားနိုင်လောက်အောင်
သာယာနာပျော်ဖွယ် ကောင်းနေပါသလား။ ကျွန်တော့်မှာ အဖြေမရှိ။

ဒါမှမဟုတ် အဖြေမသိခြင်းလည်း ဖြစ်နိုင်ပါတယ်။ကျောင်းဆင်းခေါင်းလောင်းသံဟာ ကျွန်တော့် အတွက်တော့ စိတ်အာရုံတွေကို ခြောက်ခြားစေနိုင်သော အရာ။ ကြောက်ဖွယ်လိလိ ထစ်ချုန်း မိုးကြိုးသံ။ ဒီအသံကြားတိုင်း ကျွန်တော့် အသိတွေ၊ အသွေးအသားတွေ အားလုံး အေးစက် ရင်ထိတ်တလန့်လန့်။ ကြားရဦးမယ်ဆိုတာ သိထားပေမယ့်လည်း တကယ်တမ်း ကြားရပြန်တော့ ကျွန်တော့် တစ်ကိုယ်လုံး အင်အားမဲ့စွာ နုံးခွေချိနဲ့လို့။ ယောင်ယမ်းပြီး နားနှစ်ဖက်ကို လက်အစုံဖြင့် ဖုံးအုပ်မိသေးတယ်။ ဒါပေမယ့် ကျွန်တော် ကြောက်လန့်တဲ့ ခေါင်းလောင်းသံ ကလောင်ကလင်က နားစည်ကို မရိုက်ခတ်ဘဲ ကျွန်တော့် နှလုံးသားကိုပဲ အရှိန်ပြင်းပြင်း ရိုက်ခတ်။ ပြီးတော့ ကျွန်တော့် စိတ်ဓာတ်ကို ရိုက်နှက် သွားခဲ့တယ်။

အားမပါတဲ့ လက်တွေနဲ့ လွယ်အိတ်ကိုဆွဲ၊ လေးကန်နေတဲ့ ခြေထောက်နဲ့ အချိန်ကို ဆွဲပြီး ခပ်လေးလေးပဲ ကျောင်းဝန်း အပြင်ကို ထွက်လာခဲ့မိတယ်။ ရှေ့ဆက်ဖို့ တွန့်ဆုတ်နေတဲ့ စိတ်နဲ့ နောက်ပြန်လှည့်ကြည့်တော့ ကျွန်တော့် ဘ၀ရဲ့ တစ်ခုတည်းသော လွတ်မြောက်ရာက ခြောက်သွေ့စွာ ဟိုးအဝေး အနောက်ဆီမှာ။
“ဟင့်အင်း” ကျွန်တော် အိမ်မပြန်ချင်သေးဘူး။ အေးစက် မည်းမှောင်နေတဲ့ အဲဒီအိမ်ကြီးထဲ ကျွန်တော် မပြန်ချင်သေးဘူး”။ ကြေက်ရွံ့ တုန်လှုပ်မှုတွေရဲ့ တွန်းကန်အားနဲ့ အဝေးဆုံးကို ထွက်ပြေးချင်ပေမယ့် မသေသေးတဲ့ အသိတရားက “မဟုတ်တာတွေ တွေးမနေစမ်းနဲ့။ မင်းခြေထောက်တွေ မခိုင်သေးဘူးကွ” လို့ လှမ်းအော် ငေါက်သံသဲ့သဲ့ပဲ ပြန်ကြားလိုက်ရတယ်။ ကျွန်တော့် ခြေထောက်ပေါ် ခိုင်ခိုင်ရပ်တဲ့ နေ့ကျရင် ရောလို့ အတွန့် တက်ချင်ပေမယ့် ကျွန်တော့် အသိတရား ကိုယ်တိုင်က ကျွန်တော့်ကို မျက်ကွယ်ပြုနေလေရဲ့။

သော့တံ အေးအေးကြီး ကိုကိုင်ပြီး အေးစက်နေတဲ့ သော့ခလောက်ကြီးကို ဖွင့်ပြီးတော့ တံခါးချပ်ကို စိတ်ပျက် နာကြည်းစွာ ဆွဲဖွင့်ရင်း ကျွန်တော့် ကိုယ်ကျွန်တော် အကျဉ်းချ ပစ်လိုက်မိတယ်။ နှလုံးသားတွေ အေးစက်ငြိမ်သက် သွားစေတတ်တဲ့ ကျွန်တော့် အိမ်ထဲမှာပေါ့။ ဖွင့်ထားတဲ့ တံခါးဆီကနေ နွေးထွေးမှုမဲ့တဲ့ မည်းမှောင် မှုတွေ၊ သာယာမှုမဲ့တဲ့ တိတ်ဆိတ် ငြိမ်သက်မှုတွေ၊ အလင်းရောင် ဖျော့နေတဲ့ မေတ္တာတရားတွေ အလုံးအရင်းနဲ့ ကျွန်တော့်ကို ၀င်ဆောင့်သွားတဲ့အခါ မျက်လုံးစုံမှိတ်ရင်း အလိုက်သင့် စီးမျောရင်းနဲ့သာ။

အင်အားမဲ့တဲ့ ကျွန်တော့်လို ကျောင်းသား ငယ်လေးတစ် ယောက်အနေနဲ့ လူ့ဝန်းကျင်၊ အသိုင်းအ၀ိုင်းက ချမှတ်ထားတဲ့ စည်းဘောင်တွေထဲမှာ မွန်းကျပ်စွာ ရပ်တည်နေရတာကို လူ့ဘ၀ အစဆိုခဲ့ရင် ဘယ်အချိန် လွတ်မြောက်မှုကို ရှာဖွေရပါ့။ ကျွန်တော့် ဆုံးဖြတ်ချက်နဲ့ ကျွန်တော့် အသိဥာဏ်က ကလေးသာသာမို့ အရာ မသွင်းကြပေမယ့် ကျွန်တော့် အသက် ရှင်သန် နေထိုင်ခွင့်တွေ အားလုံးက ကျွန်တော့် လက်ထဲမှာပါ။ ကျွန်တော့် ကိုယ်ကျွန်တော် လေးစားမိတယ်။ နှစ်သက်မိတယ်။ ကျွန်တော့် ပျော်ရွှင်မှုက ကျွန်တော် ကိုယ်တိုင်ပဲဆိုတာ အရွယ် မရောက်သေးတဲ့ ကလေး တစ်ယောက်ရဲ့ အရွယ်ရောက် နှလုံးသားမှာ ထင်ဟပ်နေခဲ့တယ်။ ဒါ အခြေအနေ အချိန်အခါကြောင့်ပဲ ထင်ပါတယ်။

x x x
ဇိမ်ခံပစ္စည်းပေါင်း မြောက်မြားစွာနဲ့ ကျွန်တော့်ရဲ့ အိမ်။
လှပမှု အပေါင်းသရဖူဆောင်းပြီး အရောင်အသွေး စုံလင်လှတဲ့ ကျွန်တော့်ရဲ့အိမ်။
လူတကာ အားကျ ကျေနပ်လောက်တဲ့ မျက်လုံးများနဲ့ ၀ိုင်းငေးခြင်းခံရတဲ့အိမ်။
ကျွန်တော့် အတွက် အအေးငွေ့တွေသာ ခြုံလွှမ်းထားတဲ့ ကျွန်တော့်အိမ်။
ကျွန်တော်ကြောက်တဲ့၊ မေမေပြာတဲ့ ကျွန်တော့်အိမ်။
အိစက် ငြိမ့်ညောင်းလှတဲ့ တန်ဖိုးကြီးကြီး ဆိုဖာကြီးပေါ် လွယ်အိတ်ကိုရော ကျွန်တော့် ခန္ဓာကိုယ်ကိုပါ ၀န်ထုပ် တစ်ခုလို ပစ်တင်ရင်း တစ်ကိုယ်တော် ဘ၀တိုက်ပွဲကို ကျွန်တော် အိမ်ထဲမှာ ဆင်နွှဲနေမိတယ်။

“ဖအေမရှိတဲ့ သားကို လောက အလယ်မှာ လူတစ်လုံး၊ သူတစ်လုံး ဖြစ်အောင် လူတကာ လက်ညှိုးထိုး မခံရအောင် ရုန်းကန် ရှာဖွေရတာ လွယ်တယ်ထင်နေသလား” တဲ့။ ကျွန်တော် ကိုယ်တိုင် လောက အလယ် ရပ်တည် ရတာရော လွယ်တယ် ထင်နေလို့လား။ လူတစ်ယောက်အနေနဲ့ လူတန်းစေ့ နေနိုင်ဖို့ အဲဒီ လူရင်ထဲက နှလုံးသားကို စတေး ပစ်ခဲ့တာရော တရားပါရဲ့လား။

တန်ဖိုးကြီး ဒြပ်ထုတွေက ကျွန်တော့် ဘ၀ကြီးကို လုံခြုံမှု ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မယူဆမိဘူး။ ကျွန်တော့် ရင်ဘတ်ကြီး ဟောင်းလောင်း ပွင့်နေတာ ကျွန်တော့်မေမေ မမြင်မိဘူးထင်ပါတယ်။ ကျွန်တော်က ရဲတိုက်ကြီး တစ်ခုလို ခမ်းနား ကြီးကျယ်လှတဲ့ အိမ်ကြီးထဲမှာ အကျဉ်းကျနေတဲ့ အချိန် မေမေ့ မာန တရား တွေကတော့ လုံခြုံမှု အပြည့်နဲ့ ခံ့ထည်နေလေရဲ့။ ကျွန်တော့် ယုံကြည်ချက်ကတော့ အိမ်ဆိုတာ နှလုံးသားရဲ့ နွေးထွေးရာ တစ်ခု ပါပဲ။ လျော့ပါးလာတဲ့ အမှောင်ထု အောက်မှာ ထုံးစံ တစ်ခုလို မေမေ့ကို ထွက်စောင့်နေမိတယ်။မေမေ ပြန်လာချိန် တန်ပြီလေ။ တကယ်တော့လည်း မေမေ ပြန်လာခြင်း မလာခြင်းက ကျွန်တော် တို့ရဲ့အိမ်ရဲ့ ရသကို ပြောင်းလဲနိုင်မှာ မဟုတ်တော့ဘူးဆိုတာ ကျွန်တော် သိပြီးခဲ့ပါပြီ။

အခုလို မေမေ့ကို စောင့်နေချိန်တိုင်း အိမ်ထဲက တန်ဖိုးကြီးကြီး ဇိမ်ခံပစ္စည်းထုက ကျွန်တော့်ကို လှောင်ပြောင် သရော် နေသလိုလို။ လှောင်ပြောင်သံတွေ ကျွန်တော် ကြားနေရတယ်။ လူဦးရေ နှစ်ယောက်သာ နေထိုင်တဲ့ ဒီအိမ်ကြီးထဲမှာ ကျွန်တော် တစ်ယောက်တည်း ဖြတ်သန်းရချိန်တိုင်း ဘယ်လို နေထိုင်ရမလဲ။ သင်ကြား ပေးကြပါဦး။ တိတ်ဆိတ်လွန်းလို့ ကျွန်တော့် အရိပ်က ကျွန်တော့်ကို ပြန်ခြောက်လှန့် နေခဲ့ပြီ။ အိမ်ထဲ ရောက်တိုင်း ဆွံ့အသွား တတ်တဲ့ ကျွန်တော့် နှုတ်ဖျားက စကားလုံးတွေကို လွမ်းတ နေပြန်သလိုလို။

ကျွန်တော်နဲ့ ခပ်ဝေးဝေးမှာ သိမ်းထုပ်ထားကြတဲ့ မေတ္တာတရား နွေးနွေးတွေနဲ့ ကျွန်တော့် နှလုံးသားတွေ၊ အသွေး အသားတွေကို လွှမ်းခြုံပေးခဲ့မယ် ဆိုရင် အိမ်အပြန် လေးကန် နေတတ်တဲ့ ခြေလှမ်းတွေ သွက်လက် မြန်ဆန်လာနိုင်မလား။ တစ်ခါတရံ အသက်အရွယ်နဲ့ မလိုက်အောင် ခံစားရတဲ့ အေးစက်မှုတွေကြောင့် အော်ဟစ် ပေါက်ကွဲပစ်လိုက် ချင်တယ်။ ခြေဆင်း ငိုကြွေး ပစ်လိုက်ချင်တယ်။ ခုတော့ ရင်ဘတ်ထဲ သိုပိတ် မြိုသိပ်ရင်း။

မေမေ ပြန်လာတိုင်း တစ်နေ့တစ်မျိုး မရိုးအောင် ၀ယ်လာတတ်တဲ့ အစား အသောက်တွေကို ခန့်ထည် ထည် စားပွဲကြီးမှာ တစ်ယောက်တည်း စားသောက်နေရတာ ထက် ကျောင်းစာရေး စားပွဲ ခုံတန်းရှည်ပေါ်က ဟင်းဗြောက်သောက်နဲ့ စားသောက် ရတာကို ပိုမက်မောမိတယ်။ အေးစက် မည်းမှောင်တဲ့ အိမ်ထဲမှာ နာရီလက်တံရဲ့ ရွေ့လျားမှုကို စောင့်ကြည့်ရတာထက် ဆူညံ ပွက်လော ရိုက်နေတဲ့ အတန်းထဲက အဖြူ အစိမ်းတွေရဲ့ မျက်နှာရောင်စုံကိုသာ ရှုမြင်ချင်မိတယ်။ ဂဏန်းပေါင်းစက်ပဲ နှိပ်တတ်တဲ့ မေမေ့လက်ထက် မြေဖြူကိုင်လိုက်၊ ကြိမ်ကိုင်လိုက်နဲ့ ကျွန်တော့် အပေါ် တုန့်ပြန်မှုရှိတဲ့ ဆရာမရဲ့ လက်တွေကိုသာ ဆုပ်ကိုင်ချင်မိတယ်။ မနွေးတတ်တဲ့ သက်မဲ့ ပစ္စည်းတွေထက် လူသားဆန်စွာ ဆက်ဆံတတ်ကြတဲ့ သူငယ်ချင်းတွေရဲ့ အဆိုးအကောင်း မလုပ်၊ အကျိုးအကြောင်း မပြတ်တဲ့ အရှိတရားတွေကို လိုလားစွာ လက်ခံချင်မိတယ်။

ချစ်ခြင်း မေတ္တာဆိုတာ သိမ်းဆည်း ထုပ်ပိုးထားရမယ့် အရာ မဟုတ်ပါဘူး။ ဖွင့်ဟ နွေးထွေးပြရမယ့် သိမ်မွေ့မှု တစ်မျိုးပါ။ ခုတော့ မေတ္တာတရား ငတ်လွန်းလို့ လောကအထာတွေ အရွယ်နဲ့ မမျှ နပ်နေခဲ့ရပြီ။ မှောင်မှိက်တဲ့ ညတွေ ကုန်လွန်တဲ့ အခါ ရောင်နီပျို့လာရမှာ။ ဒါ ဓမ္မတာပါ။ ခု တဖြည်းဖြည်း ညဥ့်နက်လာပြီ။ မကြာခင် အနွေးဓာတ်နဲ့ အလင်းရောင်တွေ ကလောင်ကလင်နဲ့ ကျောင်းတက် ခေါင်းလောင်းသံတွေ သက်ဝင်လှုပ်ရှားနေတဲ့ မနက်ခင်းနဲ့ အဖြူအစိမ်းတွေ ကျွန်တော် တွေ့ရဦးမှာ။ ဘ၀ရဲ့အစနဲ့ အဆုံးသတ် တွေကိုရောပေါ့။

ခင်ပြည့်


Comments

Popular posts from this blog

ထွက်ရပ်ပေါက်ဖို့

ဟင်းသီးဟင်းရွက်အခေါ်အဝေါ် များ