KoTta


ကိုတာနှင့် ရင်းနှီး ချစ်ခင်စွာ

စာရေးတယ် ဆိုတာ တချို့က အတတ်ပညာလို့ ဆိုကြတယ်။ တချို့က အနုပညာလို့ ဆိုကြတယ်။ ဘယ်ဟာမှန်တယ် ထင်လဲ။

စာရေးတာကတော့ အတတ်ပညာရော အနုပညာရော ၂ ခုလုံးပါ။ ရသ စာပေကိုပဲ ပြောရင် တော့ သူက အနုပညာပါ။ ရသစာပေ ဆိုတာ Literature ကို ဆိုလိုတာပါ။ သူ့ကိုတော့ အနုပစ္စည်း လို့ပဲ ယူကြတာပဲ။ အောက်စဖို့ အဘိဓာန်က အနက်ပေးထားက Writings that are valued as works of art , especially fiction, drama and poetry (as constrasted with technical books and journalism) အဲဒီ အနက်အရ ဆိုရင် စာပေ(ရသစာပေ)ဟာ နည်းပညာ အရေးအသား၊ ဂျာနယ် အရေးအသားနဲ့ ကွာတယ်။

“စာကောင်း ရေးချင်ရင် စိတ်ကောင်း မွေးရမယ်လို့” ဆရာ ဇော်ဂျီက ဆုံးမတာ ဖတ်ဖူးတယ်။ စိတ်ကောင်း မရှိဘဲ စာရေးနေတဲ့ လူတွေ ရှိနိုင်သလား။

စာကောင်းဆိုရင်တော့ စိတ်ကောင်း မွေးမှရမှာပဲ။ သို့သော် စာကောင်းတယ် မကောင်းတယ် မဟုတ်ဘဲ၊ ကောင်းတယ် မကောင်းတယ် မတွေးဘဲ စာရေးတာလည်း ရှိတာပေါ့။

လူတိုင်းဘာကြောင့် စာရေးဆရာ မဖြစ်ကြတာလဲ။ဗီဇကြောင့်လား၊ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုနဲ့ ဆိုင်သလား။

လူအမျိုးမျိုး ရှိတာပဲ။ အကြိုက် အမျိုးမျိုး ရှိတာပဲ။ လူတိုင်း စာရေးဆရာ ဘယ်ဖြစ်ချင်မှာလဲ။ စာရေးဆရာ ဆိုတဲ့ ဘ၀ဟာ လူတော်တော်များများ အတွက် နှစ်လိုဖွယ် ဘ၀ မဟုတ်ဖို့ များပါတယ်။

အလွန်အကျွံ ဖွဲ့ဆိုခြင်းများကို အနုပညာလို့ သတ်မှတ်လား။ မေးခွန်းဟာ တစ်မျိုးတစ်မည် ဖြစ်မနေဘူးလား။ အလွန်အကျွံ ဖွဲ့တာက အတိဿယ၀ုတ္တိဖြစ်ရင် ကောင်းတာ လှတာပဲ မဟုတ်လား။ ဘာဖြစ်စေချင်လို့ စာတွေရေးနေတာလဲ။

ဒီမေးခွန်း အဖြေကိုတော့ ဂျော့ခ်ျအော်ဝဲလ် ရေးထားတာ ရှိတယ်။ ကျွန်တော်လည်း ကြိုက်လို့“ကိုရင်တာ နှစ်ပါးသွား အခန်း”မှာ ရေးဖူးတယ်။ ကောက်နှုတ် ဖော်ပြပါရစေ။

“အသက်မွေးဝမ်းကျောင်း အတွက် စာရေးတာကို ဘေးဖယ်လိုက်ရင် စာရေးကြတဲ့ အကြောင်းရင်း (၄)ချက် ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီ လေးချက်ဟာ ဒီဂရီ အနည်းအများ ကွာခြားပြီး စာရေး ဆရာတိုင်းမှာ ရှိကြတယ်။ အချိန် တစ်ချိန်နဲ့ တစ်ချိန်လည်း အချိုးအစား ပြောင်းလဲ နေကြတယ်။စာရေးဆရာ နေထိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေ အရ ပြောင်းနေကြတာပါ။ အဲဒီ လေးချက်ကတော့

၁။ အတ္တဟိတသက်သက် တော်တယ်လို့ အထင်ခံချင်တဲ့ ဆန္ဒ၊ ကိုယ့်အကြောင်းကို အများက ပြောစေချင်တဲ့ ဆန္ဒ၊ သေပြီးတဲ့နောက် သတိရ နေစေချင်တဲ့ ဆန္ဒ၊ ကလေး ဘ၀တုန်းက ကိုယ့်ကို နှပ်ပစ်ခဲ့တဲ့ လူကြီးတွေကို ကိုယ့်အကြောင်း ပြလိုက်ချင်တဲ့ ဆန္ဒ စသည်ဖြင့် စာရေး ဆရာမှာ ရှိတယ်။ဒီလို အကြောင်းရင်း ရည်ရွယ်ချက် မရှိပါဘူး။ အဲဒီ ဆန္ဒဟာလည်း မပြင်း ထန်လှပါဘူးလို့ ဟန်ဆောင်ရင် အဲဒါ လိမ်တာပဲ။ စာရေးဆရာတွေဟာ သိပ္ပံ ပညာရှင်တွေ၊ ပန်းချီ ဆရာတွေ၊ နိုင်ငံရေး သမားတွေ၊ ရှေ့နေတွေ၊ စစ်သားတွေ၊ အောင်မြင်နေတဲ့ စီးပွားရေး သမားတွေလိုပဲ အဲဒီ အကျင့်စရိုက် လက္ခဏာရှိ တယ်။ထိပ်ဆုံး လူ့အလွှာရဲ့ စရိုက် လက္ခဏာ ရှိတာပါပဲလို့ ချုပ်ပြောရမယ်။ ဧရာမ လူသားထုကြီးက တစ်ကိုယ်ကောင်း သိပ်မဆန်ကြဘူး။

အသက်ဆုံးဆယ် ကျော်ရင် တစ်ကိုယ်တော် ရည်မှန်းချက်တွေကို စွန့်လေ့ ရှိကြတယ်။ အများအားဖြင့် “တသီးပုဂ္ဂလ ဖြစ်တည်လိုစိတ်”ကို လုံးဝနီးပါး စွန့်ကြပြီး တခြားလူတွေ အတွက် အဓိက ထားပြီး အသက် ရှင်ကြတယ်။ ဒါမှ မဟုတ်ရင်လည်း အလုပ် တစ်မျိုးထဲမှာ စက်လို ပင်ပန်းကြီးစွာလုပ်ပြီး နစ်မွန်း ကုန်ကြတော့တာပဲ။ အဲ ပါရမီရှိသူ အနည်းစု ဇွတ်တရွတ်နဲ့ ကိုယ့်ဘ၀ကို အဆုံးတိုင် ကိုယ့်အကြိုက် အတိုင်း နေဖို့ ဆုံးဖြတ်သူတွေလည်း ရှိတယ်။ စာရေးဆရာတွေက ဒုတိယ အမျိုးအစားမှာပါတယ်။အလေးအနက် ရှိတဲ့ စာရေး ဆရာများဟာ ခြုံပြောရရင် ဂျာနယ် လစ်တွေထက် ပိုပြီး အတ္တဗဟိုပြုတယ်။ ပိုပြီး စိတ်ကြီးဝင်တယ်။ ငွေမှာတော့ စိတ်မ၀င်စားကြဘူး။

၂။ ရသ၌ စိတ်အား ထက်သန်မှု။ ။ပြင်ပ လောကရဲ့ အလှကို လက်ခံ ရရှိထားမှုပါ။ တနည်းအားဖြင့် စကားလုံးတွေနဲ့ ယင်းစကားလုံးတွေရဲ့ မှန်ကန်တဲ့ နေရာ ချထားမှုတွေကို ဖမ်းနိုင်တာ။ အသံတစ်သံ သို့မဟုတ် အခြား တစ်သံရဲ့ရိုက်ခတ်မှုက ရတဲ့ အရသာ၊ စကားပြေကောင်း တစ်ခုရဲ့ တည်ကြည် မြဲမြံမှု သို့မဟုတ် ၀တ္ထုကောင်း တစ်ပုဒ် ရစ်သမ်က ရတဲ့ အရသာ၊ အတွေ့အကြုံ တစ်ခုကို တန်ဖိုး ရှိတယ်လို့ ခံစားပြီးတဲ့ အခါ ဒါမျိုးကိုတော့ဖြင့် လွဲသွားလို့ မသင့်တော်ပေဘူး ဆိုပြီး အဲဒီ အတွေ့အကြုံကို မျှချင်တဲ့ ဆန္ဒတွေ ရှိကြတယ်။ ရသ အကြောင်းခံဟာ စာရေးဆရာ အများ စုကြီးမှာတော့ အလွန် အားနည်း လှပါတယ်။ဒါပေတဲ့ လက်ကမ်းကြော်ငြာ ရေးသူ တစ်ယောက်၊ ပြဋ္ဌာန်း စာအုပ်ရေးသူ တစ်ယောက်တောင်မှ သူ့လက်စွဲ စကားလုံးတွေ၊ စကားအစုအဝေးတွေ၊ သရုပ်ဖော်ပြဖို့ သက်သက် အတွက်မဟုတ်ဘဲ သူစွဲမက်တာတွေ ရှိပါတယ်။ ဒါမှမဟုတ် သူ့အနေနဲ့ စကားလုံး အထားအသို၊ ကော်လံ အကျယ်အ၀န်း စတာတွေမှာ ဇီဇာ ကြောင်ချင်ကြောင်နေလိမ့်မယ်။ မီးရထားလမ်း ညွှန်စာရွက် အဆင့်ထက် မြင့်တဲ့ ဘယ်စာအုပ် မဆို ရသဆိုင်ရာ စဉ်းစားမှုတွေက ကင်းလွတ်ရိုး မရှိလှပါ။

၃။ သမိုင်း သွေးခုန်မှု။ ။အဖြစ်အပျက်တွေကို သူ့အဖြစ်အမှန်တိုင်းပဲ တွေ့လိုတဲ့ဆန္ဒ၊အချက် အလက်အမှန်အကန်များကို ရှာဖွေ၊နောင်လာ နောက်သားတို့ အသုံးပြုနိုင်ဖို့ အတွက် သိုမှီ ထားချင်တာ။

၎။ နိုင်ငံရေး ရည်စူးမှု။ ။နိုင်ငံရေး ဆိုတဲ့ စကားလုံးကို အကျယ်ပြန့်ဆုံး အနက်နဲ့ ယူတာပါ။ ကမ္ဘာ လောကကို တစ်စုံ တစ်ခုသော တူရှုသို့ ပို့ချင်သော ဆန္ဒ၊ လူထုကြီးအနေနှင့် ရရှိရန် အားထုတ် သင့်သော လူ့အဖွဲ့အစည်း အမျိုးအစား၊ ယင်းနှင့် စပ်လျဉ်းသော လူထု၏ သဘောထား အမြင်ကို ပြောင်းလဲလိုသော ဆန္ဒ၊ ပြောကြစတမ်း ဆိုရင် မည်သည့်စာအုပ်မှ နိုင်ငံရေး ဘက်လိုက်မှုက မကင်းပါ။ အနုပညာဟာ နိုင်ငံရေးနဲ့ မသက် ဆိုင်ပါဘူးလို့ ပြောတဲ့ အယူအဆပင်လျှင် နိုင်ငံရေး သဘောထား တစ်ခု ဖြစ်ပါတယ်။

ကျွန်တော်နှင့် မသင့်တော်သော အလုပ် အကိုင် တစ်ခုမှာ (မြန်မာပြည်-ဘုရင့်အိန္ဒိယ ပုလိပ် အဖွဲ့မှာ) ၅နှစ် အချိန် ကုန်ခဲ့ပါတယ်။ သည် နောက်တော့ ကျွန်တော် ဆင်းရဲသွားပြီး အရှုံးရဲ့အရသာကိုလည်း ခံစားခဲ့ရပါတယ်။ ဒါတွေဟာ ကျွန်တော့် ပင်ကိုယ်ဖြစ်တဲ့ အာဏာပိုင်တွေကို မုန်းတီးတဲ့ စိတ်ကို ပိုတိုးစေခဲ့တယ်။ ပြီးတော့လည်း အလုပ်သမား လူတန်းစားတွေရဲ့ ဖြစ်တည် နေမှုကို ပထမဆုံး အကြိမ်အဖြစ် သတိထားမိ စေပါတယ်။မြန်မာပြည်က အလုပ်ကြောင့် အင်ပိုင်ယာ စနစ်ရဲ့ သဘာဝကိုလည်း အတော်အသင့် နားလည် လာခဲ့ပါတယ်။ ဒီအတွေ့ အကြုံတွေဟာ ကျွန်တော့်မှာ နိုင်ငံရေး လမ်းကြောင်းတစ်ခု ပီပီပြင်ပြင် ဖြစ်အောင်တော့ မလုံလောက်ဘူး။ သည့် နောက်တော့ ဟစ်တလာ၊ စပိန် ပြည်တွင်းစစ်။ ၁၉၅၃ နှစ်ဆုံးအထိ ခိုင်မာတဲ့ ဆုံးဖြတ်ချက် တစ်ခု မချနိုင်ခဲ့ပါ။ ကျွန်တော် မဆုံးဖြတ်နိုင် ဖြစ်နေတာကို ဖော်ကျူးတဲ့၊ အဲဒီတုန်းက ရေးဖြစ်တဲ့ ကဗျာလေး တစ်ပုဒ်ကို မှတ်မိသေးတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ရာမှာ ဆိုရင်
ပျော်နေတဲ့ ကျောင်းထိုင်ဘုန်းကြီး
ကျုပ် ဖြစ်ကောင်းဖြစ်မှာ
ထာဝရ ငရဲကိုဟောပြီး
သစ်ကြားပင်တွေ ရှင်သန်တာပဲ
စောင့်ကြည့်နေမှာပါ။

အဲဗျာ ခုတော့ ခေတ်ဆိုးမှာမွေးလာ
သာတောင့်သာယာ ကောင်းကင်ဘုံကို ကျုပ်မရတော့ပါ
ကျုပ်ရဲ့အပေါ် နှုတ်ခမ်းမှာ နှုတ်ခမ်းမွှေး ပေါက်သကိုး
ဘုန်းကြီးတွေကတော့
အားလုံးပြောင်အောင် ရိတ်သကိုး။

ဒါတောင်မှ ခေတ်ကြီးက မဆိုးဘူးဗျ
ကျုပ်တို့က လွယ်လွယ်နဲ့ ကျေနပ်တတ် သကိုး
အိပ်လိုက်တာနဲ့ ကျုပ်တို့က ဒုက္ခသုက္ခတွေ ကို ခါပစ် လိုက်နိုင်သကိုး
သစ်ပင်တွေ ရင်ခွင်မှာ မှီပြီးပေါ့။

နလပိန်းတုံး မသိမှုတွေကို ကိုယ်ပိုင်လုပ် ပစ်ဖို့လည်း
ကျုပ်တို့က မကြောက်ဘဲကိုး
ပျော်ရွှင်မှုတွေကို ခုတော့ ကျုပ်တို့က
မစုစည်းနိုင်တော့ဘူးပေါ့
ပန်းသီးပင် အုပ်ပေါ်က ငှက်ပုတီး
ကျုပ် ရန်သူကို တုန်လှုပ်စေနိုင်ပါ့မလား။

ဒါပေမယ့် ကောင်မလေးတွေရဲ့ ဗိုက်သား ဖြူဖြူနဲ့ ဇီးသီးမွှေးများ
အရိပ်ကျနေတဲ့ စမ်းချောင်းထဲကငါးသိုင်းများ
မြင်းများနဲ့၊ လင်းအားကြီးမှာ ထပျံတဲ့ ၀မ်းဘဲများ
ဒါတွေအားလုံး အိပ်မက် တစ်ခုပဲဗျာ။
အိပ်မက် ပြန်မမက်ဖို့ တားမြစ်ခံရ
ကျုပ်တို့ရဲ့ ပျော်ရွှင်မှုတွေကို ဖြတ်တောက် ပစ်ရ
ပြီးတော့ ပုန်းနေစေရတယ်
မြင်းတွေကို ခရိုမီယံ သံမဏိနဲ့ လုပ်ထားတာ
ဝတုတ်တုတ် သေးတေးတေး လူကြီးတွေ စီးမတဲ့ဗျာ။

ကျုပ်က ဘယ်တော့မှ မခွေတဲ့တီကောင်
မိန်းမဆောင် မရှိတဲ့ သင်းကွပ်
ဘုန်းကြီးနဲ့ နိုင်ငံရေးမှူးကြားက
ယူဂျင်းအာရမ်ပါ။

ကျုပ်ရဲ့ ကြမ္မာကို နိုင်ငံရေးမှူးက ဖတ်ကြား
ရေဒီယိုက ကြေညာနေဆဲ
ဘုန်းကြီးက ကောင်းချီး ခုနှစ်ပါးပေး နေပုံမှာ
မိန်းမနို့အုံက နို့ထွက်သလိုပဲဗျာ။
ကျောက်ဖြူသား ခန်းမထဲ ကျုပ်နေတယ်
ကျုပ် အဲသလို အိပ်မက်မက်တာ
နိုးလာတော့လည်း အမှန် ဖြစ်နေသဗျာ
ဒီလိုခေတ်မှာ နေဖို့ ကျုပ်မွေးလာတာ မဟုတ်ပါ
စမစ်ရော ဂျုန်းရော ခင်ဗျားရော အဲသလို မဟုတ်လားဗျာ။

စပိန် ပြည်တွင်းစစ်နဲ့ ၁၉၃၆-၃၇ အဖြစ် အပျက်တွေက ပြောင်းသွားစေတာပါပဲ။ အဲသည် နောက်တော့ ကျွန်တော် ဘယ်နေရာမှာ ရပ်တည်ရ မယ်လို့ သိလာခဲ့ပါတယ်။ ၁၉၃၆ ကတည်းက စပြီး ကျွန်တော် အလေးအနက် ရေးတာ မှန်သမျှဟာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ အကြွင်းမဲ့ အာဏာရှင် စနစ်ကို ဆန့်ကျင်တာနဲ့ ဒီမို ကရက်တစ် ဆိုရှယ်လစ် စနစ်ဘက်က ကျွန်တော် နားလည်သလောက် ရပ်တည်တာ ဖြစ်ပါတယ်။ကျွန်တော်တို့လို ခေတ်ကာလမျိုးမှာ အကြင် စာရေးဆရာ တစ်ယောက်ဟာ အထက်ပါ အကြောင်း အရာမျိုးကို မရေးဘဲ နေနိုင်တယ်လို့ ဆိုရင် ဒါမျိုးဟာ အဓိပ္ပာယ် မဲ့လှတယ်လို့ ကျွန်တော် ထင်ပါတယ်။ လူတိုင်း ပုံသဏ္ဍာန် တစ်မျိုး မဟုတ် တစ်မျိုးနဲ့ ရေးကြတာပါ။

ထို စာရေးဆရာ ဘယ်ဘက်မှာ နေသလဲ ဘယ်လို ချဉ်းကပ်ပါသလဲ အဲသည် မေးခွန်း တစ်ခုပဲ မေးစရာ ရှိပါတယ်။ မိမိ နိုင်ငံရေး အယူအဆကို အကြင် စာရေးဆရာ ပိုပြီး သတိပြု မိလာတာနဲ့ အမျှ နိုင်ငံရေး စာတွေ ရေးဖို့ အကြောင်းလမ်း ပိုများ လာမှာပါ။ အဲမိမိရဲ့ ရသနဲ့ ဥာဏ်အရည်အသွေးကို စတေး မပစ်ဘဲနဲ့ပေါ့။

ပြီးခဲ့တဲ့ ၁၀နှစ်တာ ကာလ တစ်လျှောက်လုံး ကျွန်တော် အဖြစ်ချင်ဆုံးမှာ နိုင်ငံရေး အရေး အသားကို ပင်လျှင် အနုပညာ တစ်ခုဖြစ်အောင် လုပ်ချင်တာပါ။တစ်ဘက်ဘက်မှာ နေလိုက်ချင်တဲ့ ခံစားမှု၊ မတရားမှုကြီး ပါကလားလို့ သိရှိမှုဟာ ကျွန်တော် စတင်တဲ့ ပွိုင့်ပါ။ စာအုပ်တစ်အုပ် ရေးဖို့ ထိုင်လိုက်တဲ့ အခါ ငါတော့ဖြင့် အနုပညာ ပစ္စည်းတစ်ခု ဖန်တီးတော့ မယ်လို့ ကိုယ့်ကိုယ်ကို ပြောလေ့ မရှိပါ၊ ကျွန်တော် ထုတ်ဖော်စရာ မုသားတချို့ ရှိနေတယ်။ လူတွေ သတိပြု မိစေချင်တဲ့ အချက်အလက် အချို့ရှိနေတယ်။ ဒါကြောင့်သာ စာရေးပါတယ်။ ကျွန်တော့်မှာ ကနဦး ရတက် မအေးဖြစ်နေတာက လူတွေ ကြားစေချင်တာပါ။ ဒါပေတဲ့ ရသအတွေ့အကြုံခံစားမှု မပါရှိဘူး ဆိုပါလျှင်လည်း စာအုပ်တစ်အုပ် သို့မဟုတ် မဂ္ဂဇင်း ဆောင်းပါးရှည် တစ်ပုဒ်ရေးတဲ့ အလုပ်ကို ကျွန်တော် မလုပ်နိုင်ပါ”

Burmese Days, 1984 စတဲ့ စာအုပ် တွေကို ရေးတဲ့ ဧရာမ စာရေး ဆရာကြီးကတော့ သူ စာရေးရခြင်း အကြောင်းကို အထက်က အတိုင်း ရေးပါတယ်။ ကျွန်တော့် အနေနဲ့ အလွန် သဘောကျ ပါတယ်။ စာရေး ဆရာဟာ ၀ါဒဖြန့် စာဆိုသော်မှ ရေးဟန်အဖွဲ့အနွဲ့စတာတွေကို ထည့်ရမှာပဲတဲ့။ ရေးဟန်တို့ စကားလုံးတွေရဲ့ အလှအပကို မြတ်နိုး နေတာတို့က သူ့သဘာဝ ဖြစ်နေတာမို့တဲ့။ ကျွန်တော်လည်း အော်ဝဲလ်ဖော်ကောင် လုပ်ထားတဲ့ အချက် ၄ချက်ကို အကြောင်းပြုပြီး စာရေးပါတယ်။ ဒီခေတ်ကြီးမှာ မွေးလာလို့ ဒီစာတွေ ရေးပါတယ်။

သင်သေသွားရင် သင့်နာမည် ကျန်ခဲ့မယ်လို့ ထင်လား။ သင့် နာမည်တစ်လုံး ကျန်ရစ်ဖို့ အတွက် ဘာတွေ လုပ်ခဲ့မလဲ။

သေသွားပြီးနောက် နာမည်တစ်လုံး ကျန်ခဲ့ဖို့ ကျွန်တော် စဉ်းစားမိတာကတော့ ဒီလို စိတ်ကူးမျိုးကို စွန့်စား ကောင်းတယ်လို့ ထင်တယ်။ လူ့သဘာဝက မေ့လွယ် ပျောက်လွယ်မို့လဲ။ ဧရာမ စာရေး ဆရာကြီးတွေ စာတွေ အများကြီး ရေးခဲ့တဲ့ သူတွေကိုတောင်မှာ ခု ဘယ်လောက် သတိရ ကြတော့လို့လဲ။ ဟစ်စလေကို ထင်တယ်။ “မွန်” က သူ့ရဲ့“စာရေးဆရာ တစ်ယောက်ရဲ့ မှတ်စု စာအုပ်” ထဲမှာ ရေးဖူးတာ။ “မြစ်ရေကတော့ စီးဆင်းမြဲ သူကတော့ ကမ်းပေါ်မှာ ကျန်ခဲ့ပြီ။ သူ့ကို ဂရုတစိုက် မရှိကြတော့။ အေးလေ နောက်လူတွေ အတွက် နေရာ ပေးရမှာပေါ့။ နောက်လူတွေ အတွက်လည်း နေရာက ရှိရဦး မှာကိုး။ စာရေးဆရာ တစ်ယောက်ရဲ့ ရေပန်းစား မှုဟာ ဘယ်လောက် ခံမှာလဲ”
နာမည်ကျန်ဖို့ မကျန်ဖို့ထက် ကိုယ်လုပ် စရာရှိတာကို လုပ်ဖို့ပဲ။ ကောင်းရာကောင်းကြောင်း ရေးဖို့ပဲ။ ဒီလိုပဲ လုပ်ရမှာလို့ ထင်ပါတယ်။
ကိုတာ

Comments

Popular posts from this blog

ထွက်ရပ်ပေါက်ဖို့

ဟင်းသီးဟင်းရွက်အခေါ်အဝေါ် များ