ပါရီက အေသင် ကဖီးဆိုင်လေး ကို လူစုံ လာတတ်သည်။ မော်ဒန် ပန်းချီဆရာ တွေ စပျစ်ရည် လာသောက်ကြသည်။

သည်နေရာက ဆိုင်နှင့် မတူ။ ကလပ်တစ်ခုနှင့် တုသည်။ သည်နေရာ လာဖို့ ငွေမလို။ အနုပညာ ပါဖို့သာ လိုသည်။ ပီဆာရို၊ ဒီဂါးစ်၊ တူးလူစသော မော်ဒန် ပန်းချီဆရာတွေ တစ်ဝိုင်းတည်း ထိုင်နေကြသည်။ ဂေါ်ဂင်က ပီဆာရို၏ ဘေးက ခုံလွတ်တွင် ၀င်ထိုင်သည်။ “အရက်ချဉ် တစ်ခွက်ဟေ့” ကျွန်တော်တို့ ထိုင်လေ့ရှိသော ကဖေးဆိုင်လေးကတော့ ဗိုလ်ချုပ်လမ်း (၄၅ လမ်းထိပ်)တွင် ရှိသည်။ အရက်ချဉ်၊ အရက်ခါး၊ အရက်ပြင်း ရှရှများ မရ။ ဘီယာ ယဉ်ကျေးမှု ဖြစ်သည်။ အပြင်း သောက်ချင်လျှင် ပြင်ပဆိုင်မှ တင်သွင်းပေးသည်။ ကျွန်တော်တို့၏ ဆည်းဆာသည် ပယင်းရောင် လဲ့နေပေသည်။ကျွန်တော်တို့ ကလပ်တွင် လူများများ စားစား မရှိပါ။ မဂ္ဂဇင်းအယ်ဒီတာ (ကဗျာဆရာ)၊ အယ်ဒီတာ(၀တ္ထုတို ဆရာ)၊ စာရေးဆရာ(ကဗျာဆရာ)နှင့် ကျွန်တော်။ တစ်ခါတစ်ရံ ခေါင်းမွေးဖြူ ဖြူ၊ နှုတ်ခမ်းမွေး ဖြူဖြူနှင့် စောင်းအိုရှင် အဘိုးအိုများ တစ်ယောက်စ၊ နှစ်ယောက် စ၀င် လာတတ်သေးသည်။ သူတို့က သူတို့ခေတ်ရဲ့ ပါရီအကြောင်း၊ ဂျာနယ် မဂ္ဂဇင်းတွေ အကြောင်း၊ ရှေးက စံပြမယ် တွေအကြောင်း တေးဖွဲ့တတ်သည်။ တချို့က ပြင်းရှရှ တစ်ခွက်နှစ်ခွက်၊ တချို့က အမြည်းစား သူများ။

ခက်သည်က ရန်ကုန်သည် ပါရီလို မအေးလှ။ ဆိုင်ကလေးမှာ အဲယားကွန်း မရှိ။ သဘာဝလေကလည်း မ၀င်။ ပန်ကာလေကိုလည်း အမြဲမရ။ ပူစပ်ပူ လောင်နှင့် မီးစက်မောင်းသံ တချုန်း ချုန်းထဲမှာ စန္ဒရားတီးသလို ဖြစ်နေသည်။ ကျွန်တော်တို့ကတော့ မော်ဒန် ပန်းချီဆရာ ဂေါ်ဂင်လို အရက်ချဉ်ဖြုံး ဖြုံးကို မကြိုက်။ ရှတတ၊ ရီဝေေ၀ ရွှေရောင် အရည်ခါးခါး တစ်ပက် နှစ်ပက်ကိုသာ သောက်လိုသည်။ တခြားဆိုင်ကို ၀ယ်ခိုင်းရသည်။“မြေပဲတစ်ပွဲ၊ ရေခဲ တစ်ပွဲ၊ ကိုက်လန်ပလိန်း၊ ငါးရှဥ့်ခြောက် စပ်ပွဲလေးတစ်ပွဲ”လိုလျှင် ထပ်မှာမည်။

ကောင်းကင်တွင် ကြယ်စုံ လင်းလက် စေချင်သည်။ လမင်းကိုလည်း နေ့စဉ်ဝင်းပစေလိုသည်။ ဆန္ဒကမပြည့်။ ညစဉ်ညစဉ် ကြယ်တွေက မစုံလင်။ လမင်းကလည်း မ၀င်းလက်။ နာမည် ကျော်မဂ္ဂဇင်းတစ်ခု၏ အယ်ဒီတာ (၀တ္ထုတိုဆရာ)က ခေတ်ပေါ်ကဗျာ တချို့ကို နားမလည်ခြင်း ကိစ္စ (issue) တင်လာ သည်။ ခက်သည်။ အနုပညာ ကိစ္စ ကတော့ ကားဘီး ပေါက်သလို တစ်ဘီးပေါက် တစ်ဘီးလဲ၊ တစ်ဘီးဖာထေး၊ လုပ်သလောက် မလွယ်။ အဲသည်ည က ကျွန်တော်တို့ စကားတွေ အများကြီး ပြောဖြစ်သွားသည်။ ဆိုင်ကလေးမှာ အေသင်ကဖေးလို ဖလ်မီးအိမ်လေး ချိတ်ဆွဲထားလျှင် ကောင်းလေစွဟု ကျွန်တော် စိတ်ကူးနေမိသည်။

ဆိုင်ပြင် ထွက်လာကြတော့ နီယွန် လမ်းမီးရောင်တွေ ထိန်တောက်သည်။ လောကရဲ့ မျက်နှာကြက်ပေါ်က လမင်း မီးအိမ် လေးကိုပင် မကြည့်မိတော့။ အိမ်ပြန်ချိန် ရောက်ပြီလေ။ ငှက်ကလေး တွေကတော့ အိပ်တန်းတက် နောက်ကျ မည် မထင်ပေ။ ကျွန်တော်ကသာ...။

၂။
အိမ်ပြန်လာသော ခရီးလမ်းတွင် ကျွန်တော့်မှာ ရီဝေရီဝေနှင့်။ ရီဝေရီဝေနှင့်ပင် အနုပညာ လွင်ပြင်ထဲက နားလည်ခြင်းနှင့် နားမလည်ခြင်း ကိစ္စကို တွေးတောနေမိသည်။ ငွေလ မင်းသည် ခရီးလွန်နေသလား၊ မလွန် သလား ကျွန်တော်တို့ သတိမထား နိုင်တော့ပါ။ ကျွန်တော်ကတော့ နားလည် ခြင်းနှင့် နားမလည်ခြင်း ပင်လယ်ထဲမှာ တ၀ဲလည်လည်။ မဆီမဆိုင် တွေးမိ သည်မှာ ငွေလမင်းကိုရော နားလည်ရဲ့လား။ ကြယ်စင်တွေကိုရော နားလည်ရဲ့လား။
ခေတ်ပေါ် မြန်မာကဗျာ။

ဆရာမြဇင်က ခေတ်ပေါ်မြန်မာ ကဗျာတွေကို Modern Myanmar Poetry ဆိုပြီး အင်္ဂလိပ်လို ပြန်ဖူးသည်။ ၁၉၇၈ က ဖြစ်မည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းက အစချီပြီး ဆရာဇော် ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာဒဂုန်တာရာ စသဖြင့်။ ကဗျာဆရာ ၄၂ ယောက် ၏ ကဗျာများ။ ဆရာကြီးကို ဆရာမြဇင် က ခေတ်ပေါ် ကဗျာ၏ လမ်းပြကြယ်ပွင့် အဖြစ် အိမ်ဦးခန်းမှာ...။ ကျွန်တော်ကတော့ မိမိကိုယ်မိမိ မေးကြည့်မိ သည်။ ဆရာကြီး၏ ဂဏ္ဌိ၊ ဋီကာ၊ လေးချိုးကြီးတွေကို ဘယ်လောက်ထိ နားလည်သလဲလို့။

ခေတ်ပေါ် ကဗျာပေါ်မှာ နားလည်ခြင်း၊ နားမလည်ခြင်း ဆိုတာကိုတော့ ဆရာမြသန်းတင့်က သည်လိုရဲရဲဝံ့ဝံ့ ပြောဖူးသည်။
“ဆယ်ပုဒ် ရေးကြလို့ ကိုးပုဒ်ကြိုက် ချင်ကြိုက်မယ်။ တစ်ပုဒ်က နားမလည် ဘူးဆိုရင် အဲသည်တစ်ပုဒ်ကို ကျွန်တော် မဖတ်တော့ဘူး။ ဆယ်ပုဒ်လုံးကို နားမလည်အောင် ရေးရင်လည်း အဲသည်လို ကဗျာ ဆရာရဲ့ကဗျာကို ကျွန်တော် မဖတ်တော့ဘူး။ သည်အတွက် ကျွန်တော် အချိန်ကုန်မခံဘူး။ ကိုယ်ရေး ချင်တာရေးတာ။ နားမလည်ရင်လည်း နေပေါ့ဆိုတာက စော်ကားတာ။ ကျွန်တော်က အစော်ကား မခံဘူး။ အနောက် ကဗျာဆရာတွေလည်း သည်လိုပဲ။ ဂျိမ်းဂျွိုက်စ်၊ သူပြောချင်တာ ဘာလဲ။ ကျွန်တော် နားမလည်ဘူး။ သည်တော့ ကျွန်တော် မဖတ်တော့ဘူး”

(ယနေ့ခေတ်ပေါ် ကဗျာအမြင်၊ မြသန်းတင့်၊ ၂၀၀၀၊ နိုဝင်ဘာလ၊ စာအုပ်လောက) ဒါသည် ယနေ့ခေတ်ပေါ် ကဗျာပေါ်မှာ ဆရာမြ၏ အမြင်ပင်ဖြစ်သည်။ ကျွန်တော်၏ နားလည်ခြင်းနှင့် နားမလည်ခြင်း အတွေးသည် ရပ်မနေ။ ရေအလျဉ်လို တသွင်သွင် စီးဆင်းနေသည်။ တစ်ခါက “အလင်္ကာပန်းခင်း” အနုပညာ အစီအစဉ်တွင် ရောင်စုံပန်းတို့ ဖူးပွင့်ကြသည်။ လူကြီးလူငယ် ကဗျာဆရာများ ကဗျာ ရွတ်ဆိုကြသည်။ ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဒဂုန်တာရာ စသဖြင့်။“အလင်္ကာပန်းခင်း”က ကဗျာ ရွတ်ဆိုမှု ဥာဏ်ပူဇော်ခငွေ ချီးမြှင့်သည်။ ထိုငွေကို ခေတ်ပေါ် ကဗျာဆရာများက ဆရာကြီးများကို အိမ်တိုင်ရာရောက် ကန်တော့ကြသည်။ ထိုအထဲတွင် ကဗျာ ဆရာမကြီး(ဒေါ်)နုယဉ်လည်း ပါသည်။ ဆရာမကြီးရှိရာ န၀ဒေးလမ်းအိမ်ကို လူငယ်တွေ သွားရောက် ကန်တော့ကြသည်။ ဆရာမကြီးက လူငယ်တွေကို စကားနည်းနည်း ပြောသည်။

“တို့က လူကြီးတွေ ဆိုပေမယ့် မော်ဒန်ကို မဆန့်ကျင်ပါဘူး။ မော်ဒန်ကို လက်ခံနိုင် သလောက်တော့ လက်ခံ ထားပါတယ်။ အဲ တစ်ခုတော့ ရှိတာပေါ့ကွယ်။ တို့လူကြီးတွေ နားလည် အောင်လည်း ရေးကြပါဦး။ နားမလည်ဘဲနဲ့တော့ ဘယ်လိုလုပ် လက်ခံလို့ရမှာ တုံး”

၃။
ဆရာဇော်အောင်အောင်၏ နားလည်ခြင်းနှင့် နားမလည်ခြင်း ကိစ္စ ပေါ်တွင် ခံယူမှုကို တင်ဆက် လိုပါသည်။ နားမလည်ခြင်း။ နားမလည်ခြင်း ကိစ္စသည် ပြဿနာကြီး ဖြစ်၏။ ကျွန်တော့် သဘောကို ပြောမည်။ ကြိမ်ဖန်များစွာ ပြောဖူး၏။ အကြိမ်တိုင်း အကြိမ်တိုင်း အလေး အနက်ပြောခြင်းဖြစ်၏။ မည်သည့်အခါ မှ ပေါ့တီးပေါ့ပြက် မပြောခဲ့။ ယခု တစ်ကြိမ် ထပ်ပြောမည်။ နားမလည်ရင် မဖတ်နဲ့။

နားလည်သော သူတွေ ဖတ်လိမ့်မည်။ နားမလည်သော်လည်း ဆက်လက်၍ နားလည်ဖို့ ကြိုးစားသူတွေ ရှိသည်။ သူတို့ ဖတ်ပါလိမ့်မည်။ (ဇော်ဇော်အောင်ဖတ်စာ၊ စာ-၃၉၇) ပို့စ်မော်ဒန် စာပေဟန်နှင့် ပတ်သက်၍ နားလည်ခြင်း နားမလည်ခြင်း ပြဿနာ အပေါ် ဆရာ ဇော်ဇော်အောင်၏ အမြင်ဖြစ်သည်။ ဆက်၍ ဆရာဇော်ဇော် အောင်က အမေးအဖြေ လုပ်ထားသည်။

ဘာကို နားမလည်တာလဲ။
အဓိပ္ပာယ်ကို နားမလည်ခြင်း ဖြစ်၏။
ဘယ်သူက နားမလည်တာလဲ။
ဖတ်သူက နားမလည်ခြင်း ဖြစ်၏။
အဓိပ္ပာယ် အကြောင်းကို စတင် စဉ်းစားသည်။

အဓိပ္ပာယ် ရှိသောအရာ ဘယ်မှာ ရှိသလဲ၊ ဆရာက မေးခွန်း ထုတ်ကြည့် ပြန်သည်။ အလွယ်ပြောလျှင် ဘာသာ စကား (Medium) ထဲမှာ၊ (စကားလုံး တွေ)ထဲမှာ အဓိပ္ပာယ်ရှိသည်ဟု ယူဆနိုင် သည်။ သို့သော် အဓိပ္ပာယ်ဆိုသည်မှာ ဘာသာ စကားထဲမှာ မရှိ။ ဘယ်မှာ ရှိသလဲ။ အဓိပ္ပာယ်သည် ဖတ်သူ၏စိတ် ထဲမှာသာရှိသည်။ ထို့ကြောင့် အဓိပ္ပာယ် ရခြင်း၊ မရခြင်း (၀ါ) နားလည်ခြင်း၊ မလည်ခြင်းသည် ဖတ်သူအပေါ်တွင် လုံးဝ တည်သည်ဟု ဆရာဆိုလိုသည်။ ဖတ်သူ၏ အသိဥာဏ် အဆင့်အတန်း၊ ယဉ်ကျေးမှု အဆင့်အတန်း၊ သူ့ဘ၀ အတွေ့အကြုံပေါ်တွင် တည်သည်ဟု ဆိုသည်။ ဆရာဇော်ဂျီက“ဥာဏ်ခံ”ဟူ သော ဝေါဟာရဖြင့် သုံးဖူးသည်။ ပင်ကို ဥာဏ်ရည် အခံပင် ဖြစ်သည်။ သို့သော် ဖတ်သူ၏ ဥာဏ်အခံကိုက လျှပ်ပြက် သလို ဘွားခနဲ ပေါ်လာသည်တော့ မဟုတ်။ ပါဝင် အားထုတ်မှု လိုသည်။

၎။
ဆရာ နှစ်ဖက်လှသည် နားလည်ခြင်းနှင့် နားလည်ရန် ခက်ခဲသော ကိစ္စ ရပ်တွေကို ဆွေးနွေးဖူးသည်။“ကဗျာ အလင်္ကာနှင့် နည်းဥပမာ”အကျယ်ဖွင့် ကျမ်းတွင် ဖြစ်သည်။ (စာ-၄၂၊ ၄၃)
နားလည်ခြင်း
ရိုးရိုး ပြောဆိုကြရာမှာ
၁။ နားမှာပီပီပြင်ပြင် ကြားရခြင်း
၂။ ထိုဘာသာစကား၏ အဓိပ္ပာယ် ကို ယခင်က ကြိုကြိုတင်တင် မှတ်သားထားခြင်း
၃။ ထိုစကားသံကို မိမိက သတိ ပြုနားထောင်ခြင်း
ပီပီသသ မကြားရလျှင် နား မလည်နိုင်ပါ။ မိမိ မသင်ယူဖူးသော ဘာသာစကားကို မဆိုပါနှင့်။ အမျိုးတူ ဘာသာစကားပင် ဖြစ်စေကာမူ အရင် က ကြိုတင်သိမထားလျှင် နားလည် ခြင်းမရှိနိုင်။

နားလည်ရန် ခက်ခဲသောအရာများ
၁။ အရပ်ဒေသကွဲပြားခြင်း
၂။ အသုံးအနှုန်း ထူးခြားခြင်း
၃။ ကျန်းဂန်နှင့် နွှယ်၍ ပြောခြင်း
၎။ အကွန့်အညွန့်နှင့် ပြောခြင်း

အရပ်ဒေသ အလိုက် အခေါ်အဝေါ် ကွဲပြားတတ်ပါသည်။ မြိတ်သားများက ရန်ကုန်ကို ပုဂံလို့ ခေါ်ပါသည်။“မသိဘူး”လို့ မပြောပါ။“မသိရ”လို့ ပြောပါသည်။“ဟုတ်ကဲ့”လို့ မသုံး။“ခင်ဗျ၊ ခင်ဗျ”ပြောပါသည်။ အသုံးအနှုန်း ထူးခြားပုံလေးတွေ ရှိသေးသည်။ အချို့အရပ်မှာ အမေကို အစ်မဟု ခေါ်ပါသည်။ ကြက်ဟင်းခါးသီးကို ဂျင်ခါး သီး၊“ကြည့်မှန်”ကို“ကြေးမုံ”လို့ခေါ် သည်။“အောင်မယ်၊ မင်းလွယ်အိတ် ကလည်း သောနုတ္တိုရ် လွယ်အိတ် အတိုင်းပဲ”ဟုပြောလျှင် ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ကို မဖတ်ဖူးလျှင် ထိုအဓိပ္ပာယ် ကို နားမလည်နိုင်ပါ။ မုဆိုး လွယ်အိတ် ထဲမှာ ၇ နှစ်စာ ရိက္ခာ အပြည့်အစုံနှင့် လက်နက် ကိရိယာများ အပြည့်အစုံထည့် ထားသည့် သဘောကို ယူ၍ ပြောခြင်း ဖြစ်သည်။ ရှေးက ပညာရှိ စကားများတွင် နည်းနာနယများ၊ ဥပစာ တင်စားမှုများနှင့် စကားကြီး ဆယ်ခွန်းတို့ ပါတတ်သည်။ ပညာရှိတို့၏“ထွင်”လုံးများသည် နောင်အခါ ရပ်သုံး၊ ရွာသုံး၊ ကဗျာသုံး၊ အများသုံး ဖြစ်လာရသည်။ နည်းနှင့် ဥပစာတို့ကို နားလည်မှ ပညာ ရှိတို့၏ စကားကို နားလည်မည်။ ထို့ ကြောင့် ရှေးက ကဗျာကို“က၀ိ၏ပစ္စည်း” ဟု ခေါ်ခြင်းဖြစ်မည်။

၅။
ဟေတီ ငလျင်ကြောင့် လူအများ အပြား ဆုံးရှုံး ပျက်စီးရသည်။ ကိုရီးယား မင်းသမီးလေး“ကင်ဂျွန်အမ်း”သည် Lover in Paris ဇာတ်လမ်းတွဲဖြင့် အောင်မြင် ကျော်ကြားလာသော ကြယ်လေးတစ်ပွင့်ဖြစ်သည်။ ထမနဲ ထိုးပွဲတွင် ပြိုင်ပွဲဝင် အသင်း ၃၆ သင်း ပါဝင်မည်။ ထိုဝါကျများကို နားလည်ရန် ဘာမျှ မခက်ခဲပါ။ နေ့စဉ်သုံးစကား (စာပေ)များ ဖြစ်ပါသည်။ သို့သော် ကဗျာ တစ်ပုဒ်သည် နေ့စဉ်သုံးဘာသာ စကား အစုအဝေးဟုတ်ချင်မှ ဟုတ်မည်။ ဟုတ်ချင်လည်း ဟုတ်နိုင်ပါ သည်။ ကဗျာ တစ်ပုဒ်သည် နားလည် ရန်လွယ်ကူသော အရာ ဖြစ်နိုင်သလို၊ နားလည်ရန် ခက်ခဲသော အရာလည်း ဖြစ်နိုင်ပါသည်။ ရှေးကတော့“က၀ိ၏ ပစ္စည်း”။

ကဗျာ တစ်ပုဒ်ကို နားလည်ခြင်း၊ နားမလည်ခြင်း ဆိုရာ၌ ကဗျာဆရာ သည် ဖန်တီးရှင်(သို့မဟုတ်) အနုပညာ ရှင်ဖြစ်သည်။ ကဗျာသည် အနုပညာ လက်ရာတစ်ခုဖြစ်သည်။ ကဗျာကို စာဖတ်(ကဗျာ) ပရိသတ်က ဖတ်ရှုသည်။ ကဗျာဆရာသည် ကဗျာတစ်ပုဒ် ကို ဟော တစ်ပုဒ်၊ ဟော တစ်ပုဒ် မိတ္တူ စက်ဖြင့် ကော်ပီဆွဲသလို ရေးထုတ် လွယ်ကူမည် မဟုတ်ပါ။ ဘ၀နှင့် ရင်းရပါ သည်။ နှလုံးသားဖြင့် ရင်းနှီးရပါသည်။ ဘ၀အတွေ့အကြုံ၊ အနုပညာ အတွေ့ အကြုံဖြင့် ရင်းရပါသည်။ ခံစားမှုရှိတိုင်း လည်း ကဗျာရေး၍မရပါ။ ခံစားမှု ပြင်းထန်တိုင်းသာ ကဗျာဆရာမ ဖြစ်လျှင် မုဆိုးမ အားလုံး ကဗျာဆရာမ ဖြစ်နိုင်ပါသည်။ မဟုတ်ပါ။ အနုပညာ ပစ္စည်းတစ်ခုကို ဖန်တီးဖို့ရာ သိမ်မွေ့ရ ပါသည်။ စိတ်ယဉ်ကျေးမှုရှိရပါသည်။ အနုပညာပစ္စည်း (ကဗျာတစ်ပုဒ်၊ သီချင်းတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်) တစ်ခုကို ဖန်တီးတတ်သော“အတတ် ပညာ” ကဗျာဆရာမှာ ရှိရပါသည်။ ခံစားမှုနှင့် အတတ်ပညာကို ယှက်သန်း ရပါသည်။ အနုပညာ ဖန်တီးခြင်း ကိစ္စသည် ကဝေလိုလည်း ဖြစ်နိုင်သည်။ မှော်လိုလည်း ဖြစ်နိုင်သည်။ မြင့်မိုရ် တောင်ကို ရွှေ့၍ရသည်။ လခြမ်းကို လည်း လှေလှော်နိုင်ပါသည်။

ဆရာကြီးမှိုင်း၏ မျောက်ဋီကာ လေးချိုးကြီးထဲမှ ဆွဲထုတ်ပြချင်ပါသည်။
“မန်းစက်ရတနာ ပလ္လင်မလေ၊ ဘန်းစကြာရှင်တွေ စောစေဖို့”

“ဘန်းစကြာရှင်” ဆိုတာ ဆရာကြီးမှိုင်း“ထွင်”သည့် စကားလုံး အသစ် ဖြစ်ပါသည်။ ဘန်းဆိုတာ ဆန်ထည့်သော“ဘန်း”ကို ဆိုလိုသည်။ စက္က (စကြ)သဒ္ဒါသည် အ၀ိုင်း။ တစ်နေရာမှ တစ်နေရာ ရွှေ့သွားခြင်း အနက်ကို ဖော်ပြသည်။ ဘန်းဝိုင်းလေးကို ရွက်ပြီး တစ်နေရာမှ တစ်နေရာ ရွေ့လျားသွားသူ သည်“သီလရှင်”ပဲဖြစ်ပါသည်။ ဒါက လေ့လာကြည့်၍ သိခြင်းဖြစ်ပါသည်။ (အလိုအလျောက် သိလာခြင်း မဟုတ်ပါ။)

ကဗျာ တစ်ပုဒ်ကို နားလည်ရန် ကဗျာဖတ်သူ(ပရိသတ်) ဘက်မှလည်း“ညှစ်အား”လိုပါသည်။ ကဗျာကို နားလည်ရန် ကဗျာများများဖတ်ဖူးသော အခံရှိဖို့ လိုသည်။ မော်ဒန်ပန်းချီကား တစ်ကားကို နားလည်ဖို့ဆိုတာတော့ မော်ဒန်ပန်းချီ အယူအဆ ၀ါဒရေးရာတွေ မလေ့လာဖူးဘဲ၊ မော်ဒန်ပန်းချီကား များများစားစား မကြည့်ဖူးဘဲတော့ ခေတ်ပေါ် ပန်းချီကို နားလည်ဖို့ ဝေးလေစွ။ ကဗျာဖန်တီးသူဘက်က ထိန်ဝှက် လွန်းရင်လည်း အသိရတော့ ခက်ပေ လိမ့်မပေါ့။ ခေတ်ပေါ် ကဗျာဆရာကြီး“ဆရာကြီးမှိုင်း”၏ ကဗျာများကို နားလည်ချင်ရင်တော့ ဆရာကြီး၏“စိတ်” (အာရုံခံစားမှု)နှင့် ကဗျာ အဖွဲ့အနွဲ့ နည်း ဗျူဟာများကို လေ့လာရပေမည်။ ပြီးတော့ ရှိပါသေးသည်။ စကားလုံး အသစ်များ၊ သမိုင်း နောက်ခံများ၊ အယူ အဆရေးရာများ။
ခေတ်ပေါ် ကဗျာဆရာ“ဇေယျာ လင်း”၏ ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ ကဗျာအမည်က“ကျွန်တော် ခင်ဗျားရဲ့ လေဟာနယ် နည်းနည်း ယူမယ်နော်”။
(တကယ့်ဘ၀၊ စကားပြေကဗျာများ၊ ဇေယျာလင်း၊ စာ-၁၁)

ယူပြီး ဘာလုပ်မှာလဲ။ မြို့ကြီးပြကြီး တည်မယ်ဗျာ။ အင်္ဂါစုံတဲ့ မြို့ကြီး ပြကြီးပေါ့။ တစ်ချိန်မှာ မြေပုံဖြစ်လာ မယ့် မြို့ကြီးပြကြီးပေါ့။ ပြီးတော့ လိုအပ်တဲ့ မြို့တော်သူ မြို့တော်သား တွေ၊ အကျင့်စရိုက်တွေ၊ အနုပညာတွေ၊ လျှပ်စစ် မီးဖွေးညတွေ။ ကောင်းပါပြီရဲ့။ ခင်ဗျားရဲ့ မြို့ကြီးပြကြီး တစ်ဖြစ်လဲ ကျွန်တော့် လေဟာနယ် နည်းနည်းထဲ မှာ ကိုယ့်အိမ်ထဲ ပြည်နှင်ဒဏ် ခံနေရတဲ့ စိတ်ကလေးကို ဘယ်နေရာမှာ ထားမလဲ။ ၊၊၊ ။

၆။
ဗိုလ်ချုပ်လမ်း(၄၅ လမ်းထိပ်)က ဆိုင်လေးသည် ပိုင်ရှင်ပြောင်းသွား သည်။ အကြော်ဆရာ ပြောင်းသည်။ အမည် ပြောင်းသွားသည်။ ခေတ်လည်း ပြောင်းသွားသည်။ အမည်က“ဘေဘီလုံ ကဖေး”ဖြစ်နေသည်။ အရင်လို ကျဉ်းမြောင်း ရှည်လျားလှသော အခန်းကျဉ်း လေးမဟုတ်တော့။ အတန်အသင့်ကျယ် ကျယ်ပြန့်ြုပန့် ရှိသည်။ အနောက်တောင် လေနှင့် မြောက်ပြန်လေတို့ ဖြတ်သန်း တိုက်ခတ်နိုင်သည်။ ည ၁၀ နာရီ ထိုးလျှင် အကြော်ဖို ပိတ်တော့မည်ဟု ဘယ်သူ မျှ လာမပြော။ ပါရီက ကဖေးဆိုင်တွေလို ညလုံးပေါက်ဆိုင်တွေ ဖြစ်နေသည်။

ဗဟုဝါဒ ခေတ်မို့ ဗဟု ယဉ်ကျေးမှု ချင်း မတူတာတွေ ပေါင်းစပ်ထားသည်။ ကဖေးဆိုင်၏ အခင်းအကျင်းမှာ တစ်မူ ဆန်းသည်။ ဦးစွာတွေ့ရသော ခန်းမ ကြီး၏ မျက်နှာကြက်မှာ ဖြူလွလွတိမ် တိုက်တွေ လွင့်မျောနေသည်။ တိမ် တိုက်တွေထဲတွင် ရေနံဆီဖန်မီးအိမ် လေးတွေကို ထွန်းညှိထားသည်။ ကမ္ဘာ ကျော်အာခီတက်“ဖရင့်ဂယ်ရီ”၏ ဒီဇိုင်း။ ခန်းမ၏နံရံတွေက ကျင်တွယ် ကျမဟုတ်။ ရွဲ့စောင်းကွေး ကောက်နေသည်။

ခေတ်ပြိုင် အာခီတက်ကြီး“ပီတာအိုင်စမန်း”၏“ဒီကွန်စထရပ်တစ် ဗစ်ဇင်” လက်ရာတစ်ခု။ စကျင်ကျောက် စားပွဲကြီး တစ်ခုစီမှာ ၀ါဆို ဖယောင်းတိုင် တစ်တိုင်စီ ထွန်းညှိထားသည်။ စိတ်ကူး ကတော့ ရောမအာခီတက် Vitruvius ရဲ့ စိတ်ကူး။ မြန်မာပန်းပု အကျော် ဦးဟန် တင်က အရှေ့တိုင်းဂန္ထ၀င် လက်ရာဟန် ကျွန်းသစ် ကုလားထိုင်များ ထုဆစ်ထား သည်။ခန်းမ၏ ၀ဲယာတွင် အခန်းသုံး ခန်းစီဖွဲ့ထားသည်။ ရိုကိုကို၊ ဘားရော့ခ်၊ မော်ဒန်၊ ပို့စ်မော်ဒန်၊ မီနစ်မယ်လစ်ဇင် စသဖြင့် အခန်း တစ်ခန်းစီတွင် ဗိသုကာ လက်ရာဟန် တစ်ခုစီ။

ကျွန်တော်တို့ ချိန်းဆိုထားသော အခန်းမှာ ခရမ်းပြာနုနု ခေတ်ပေါ်ဂန္ထ၀င် (Modern Classic) အခန်းဖြစ်သည်။မန္တလေးမှ တေးရေးဆရာ အဉ္စလီ(ကို) မောင်မောင် ရောက်နေပြီ။ သူစီးတတ် သည့်စက်ဘီးလေးက ဆိုင်ရှေ့မှာ။ အမေရိကန်မှ စကားပြေကဗျာဆရာ Ron Silliman ည ။ အေသင်မှ ဒဿနဆရာ“ပလေတို”။ ပိုလန်မှ ဂီတပညာရှင် ရှိုပန်။ ပါရီမှ ပန်းချီဆရာ မွန်ဒရီယန် တို့လည်း စိုပြည်နေပြီ။

ရန်ကုန်ဆောင်းသည် ဥရောပဆန် စွာ ပါရီလို အေးမြနေသည်။ ကျွန်တော် ကတော့ မြန်မာဆန်ဆန် ရွှေတောင်ချည် ချောလုံချည် ထူထူထဲထဲနှင့် သက္ကလပ် ကုတ်အင်္ကျီပွပွကြီး ၀တ်ထားသည်။ ဘေဘီလုံ ကဖေးကို ရောက်တော့ ညလယ် သန်းခေါင်ယံ တိုင်ပြီ။ နောက် ကျသွားသည်။ မိတ်ဆွေများနှင့် ချိန်းဆို ထားသော အချိန်ထက် ၂ နာရီခန့် နောက်ကျမည်။ ကိစ္စမရှိ။ ကျွန်တော်တို့ အားလုံးမှာ“နာရီ”များ မပါကြ။“အနု ပညာ”ကိုသာ ရင်ဘတ်တွင်ရင်ထိုးသဖွယ် ထိုးထားလေ့ ရှိကြသည်။ ကျွန်တော် နောက်ကျသည်မှာလည်း အခြားကြောင့် မဟုတ်။ နားလည်ခြင်းနှင့် နားမလည် ခြင်းကိစ္စတွေ တစ်နေရာမှာ ငြင်းခုံနေ သောကြောင့်ဖြစ်သည်။“ရှိုပန်” အနား တွင် ကျွန်တော် ထိုင်လိုက်သည်။ ကျွန်တော်သည် အရင်လို“အပြင်း” မသောက်ဖြစ်တော့။ ကျန်းမာရေးနှင့် စည်းဝါး ညီညွတ်သော“၀ိုင်အနီ”ကိုပဲ တစ်ငုံစီ အရသာခံ သောက်တော့သည်။ သည်ဝိုင်းမှာ အတွေးကိုယ်စီနှင့် နှုတ် ဆိတ်လို့ ငြိမ်သက်နေဆဲ။ အနုပညာနှင့် ၀ိုင်အနီသည် အလွန်လိုက်ဖက်လှသည်။

မြန်မာကျေးလက် အဆိုတော် တွံတေးသိန်းတန်နှင့် ထိုင်ဝမ် အဆိုကျော် ဖန်မေချန်တို့ စုံတွဲ သီဆိုထားသော“ဆိုပြ မျိုးပြ” အမည်ရတေး တစ်ပုဒ်သည် တေးသီချင်း သေတ္တာမှ ညင်းညင်းသွဲ့ သွဲ့ ပျံ့လွင့်လို့ နေပေတော့သည်။

Comments

Popular posts from this blog

ထွက်ရပ်ပေါက်ဖို့

ဟင်းသီးဟင်းရွက်အခေါ်အဝေါ် များ

မြသန်းတင့် ခွေးကလေး