ဆောင်းဦး ( Early Autumn )

ဆောင်းဦး ( Early Autumn ) | | |
Langston Hughes ၏ Early Autumn ကိုဆီလျှော်အောင်ဘာသာပြန်ဆိုပါသည်။
သူတို့ နှစ်ယောက်ချစ်ခဲ့ကြတာ ကလေးသာသာဘ၀များထဲကဖြစ်သည်။ ညပေါင်းများစွာလမ်း လျှောက် ရင်းသူတို့ စကားဝေဖြာခဲ့ကြသည်။ သိပ်အရေးတကြီးမဟုတ်လှသော စိတ်အခန့်  မသင့်စရာတစ်ခုဖြစ် ပြီးနောက်မှာတော့ သူတို့ တစ်ယောက်နှင့်တစ်ယောက်စကားမပြောကြတော့ပေ။ မေရီသည်လေးလေး နက်နက်မစဉ်းစားပဲ သူမ,ချစ်သည်ဟုထင်သူတစ်ယောက်ကို လက်ထပ်လိုက်သည်။ ဘီလ်ကတော့ မိန်းမဆိုတာကိုခါးသည်းသွားပြီး ခြေဦးတည့်ရာခရီးနှင် တော့သည်။ မနေ့ က၀ါရှင်တန်စကွဲရ်ပန်းခြံနားမှာလမ်းလျှောက်ရင်း မေရီသည်နှစ်ပေါင်းများစွာ အတွင်း ဘီလ်ကိုပထမဆုံးအကြိမ်အဖြစ်ပြန်တွေ့ ခဲ့သည်။ “ဘီလ်ဝေါ်လ်ကာ“ သူမကလှမ်းခေါ်လိုက်သည်။ သူမခေါ်သံကြောင့် ဘီလ်ကလမ်းလျှောက်နေရာမှရပ် ကာလှည့် ကြည့်သည်။ ပထမတော့ သူမကိုဘီလ်မမှတ်မိပေ။ သူ့ အတွက်တော့ မေရီကအတော်အိုစာသွားပြီ။ “ မေရီ.. မင်းဘယ်ကလာတာလဲ။“ သူအနမ်းနှင့်နှုတ်ဆက်လေမလားဟု မေရီက သတိလက်လွတ်မျက်နှာကိုမော့ပေးလိုက်မိ သော်လည်း ဘီလ်ကလက်ကိုသာကမ်းပေးလေသည်။ မေရီသည် ဘီ့လ်လက်ကိုဆွဲကိုင်လှုပ် ယမ်း၍ နှုတ်ဆက်လိုက်သည်။ “ ကျွန်မ အခု နယူးယောက်မှာနေတယ်လေ။“ “ ဟုတ်လား“
ဘီလ်ကယဉ်ကျေးစွာပြုံးလိုက်သည်။ ပြီးတော့ သူ့ မျက်လုံးနှစ်ခုအကြားတွင် မျက်မှောင်အကြုံ့  အကွေးတခု ဖြတ်ကနဲပေါ်သွားသည်။ “ ရှင်ဘာတွေလုပ်နေခဲ့သလဲလို့  ကျမအမြဲတန်းသိချင်နေခဲ့တာ ဘီလ်ရဲ့ “ “ ကိုယ်ကရှေ့ နေလေ။ မြို့ ထဲက တော်တော်အခြေအနေကောင်းတဲ့ ရှေ့ နေလုပ်ငန်းစုတစ်ခု မှာပေါ့။“ “လက်မထပ်သေးဘူးလား“ “ လက်ထပ်ပြီးပြီ။ ကလေးနှစ်ယောက်ရှိတယ်လေ။“ “ အိုး..“ ပန်းခြံအတွင်းရှိ သူတို့ မသိသောလူများစွာက သူတို့ ကိုကွေ့ ရှောင်ဖြတ်သန်း၍သွားနေကြ သည်။ နေ၀င်ကာနီးပြီဖြစ်သော ညနေနှောင်းပိုင်းမို့ ရာသီဥတုကလည်းအတော်အေးလာပြီ။ “ မင်းခင်ပွန်းရော..“ ဘီလ်ကမေရီ့ ကိုမေးလိုက်သည်။ “ ကျမတို့ မှာ ကလေးသုံးယောက်ရှိတယ်လေ။ ကျမက ကိုလမ်ဘီယာတက္ကသိုလ် ဘဏ္ဌာ ရေးဌာနမှာအလုပ်လုပ်နေတယ်။ “ မင်းကြည့်ရတာ…“ ကျသွားလိုက်တာဟု သူကဆက်ပြောချင်နေသည်။ “ အင်းလေ…“
မေရီကလည်းနားလည်ပါသည်။ ၀ါရှင်တန်စကွဲရ်ပန်းခြံထဲက သစ်ပင်တွေအောက်မှာရပ်ရင်း အတိတ်ကိုပြန်ရောက်သွားသလို သူမလွမ်းလွမ်းဆွတ်ဆွတ်ခံစားနေရသည်။ အိုဟိုင်းယိုးတွင်နေကြစဉ် ကတည်းက သူမကဘီလ်ထက်အသက်ပိုကြီးခဲ့တာပဲ။ ခုတော့ သူမတကယ်ပဲမငယ်တော့ပါ။ ဘီလ်က တော့ နုပျိုဆဲပင်ဖြစ်ငည်။ “ ကျမတို့ စင်ထရယ်ပန်းခြံရဲ့ အနောက်ဖက်မှာနေတယ်လေ။“ မေရီကပြောပြောဆိုဆိုပဲဖိတ်ခေါ်လိုက်သည်။ “ ကျမတို့ အိမ်ကို တခါတလေလာလည်ပါဦး“ “ လာမှာပေါ့။“ ဘီလ်ကလည်းချက်ခြင်းတုန့် ပြန်သည်။ “ မင်းနဲ့ မင်းခင်ပွန်းလည်း ကိုယ်တို့ မိသားစုနဲ့ ညနေစာလာစားရမယ်နော်။ ဘယ်ညပဲဖြစ်ဖြစ် ပါ။ လူစီနဲ့ ကိုယ်က မင်းတို့ နဲ့ ဆုံချင်ပါတယ်။“ ပန်းခြံအတွင်းရှိသစ်ပင်များပေါ်မှသစ်ရွက်များက လေမတိုက်ပဲနှင့်တဖြည်း ဖြည်းချင်း ကြွေ ကျ နေကြသည်။ ဆောင်းဦးရာသီ၏ နေ၀င်ဖြိုးဖျမှာ မေရီနည်းနည်းဖျားချင်သလိုလိုဖြစ်လာသည်။ “ ကျမတို့ ကလည်းဆုံချင်ပါတယ်။“ “မင်း ..ကိုယ့်ကလေးတွေကိုလည်းလာကြည့်သင့်တယ်လေ။“ ဘီလ်ကပြုံးစေ့စေ့ဖြင့်ပြောသည်။ လေထုထဲသို့ မြူတွေကျလာသဖြင့်ဖြစ်ပေါ်လာသောအပြာ ရောင်အလင်းကြောင့် ပဉ္စမရိပ်သာလမ်းမကြီးတလျှောက် အရောင်တွေထွန်းတောက်လာ၏။ “ ဟော.. ကျမစီးရမယ့်ကားလာနေပြီ။“ မေရီကထိုသို့ ရေရွတ်လိုက်တော့ ဘီလ်ကလက်ကိုဆန့် တန်းပြီးနှုတ်ဆက်လိုက်သည်။ “ဂွတ်ဘိုင်.“ “ဘယ်တော့….“ သူမကတစုံတခုပြောလိုက်ချင်ပေမယ့် ဘတ်စ်ကားကထွက်ဖို့ ပြင်နေပြီ။ လမ်းမပေါ်တွင် အလင်းရောင်တွေက တလက်လက်တောက်ပလာလိုက်၊ေ၀၀ါးသွားလိုက်။ သူမကကားထဲရောက်နေ ပြီမို့  စကားဆက်ဖို့ စိုးရိမ်ဆုတ်ဆိုင်းသွားသည်။ ထိုစိုးထိတ်မှုနှင့်တော့ စကားတခွန်းတလေထွက်ဖို့ ပင် မဖြစ်နိုင်ပါ။ “ဂွတ်ဘိုင်.“ ရုတ်တရက် သူမကျယ်လောင်စွာအော်ဟစ်နှုတ်ဆက်လိုက်သည်။ သို့ သော် ဘတ်စ်ကားတံခါး ကပိတ်သွားပြီ။ ဘတ်စ်ကားနှင့် ဘီလ်ကြားမှာ လူတွေအစုန်အဆန်ဖြတ်သန်းသွားလာနေကြသည်။ သူတို့ မသိ သောလူတွေက သူတို့ ကိုကွယ်လိုက်ကြသည်။ ဘတ်စ်ကားလည်းစထွက်ပြီ။ ဘီ့လ်ကို သူမ,မမြင်ရ တော့ပေ။ ဒီတော့မှ ဘီ့လ်ကိုသူမလိပ်စာမပေးခဲ့မိတာသတိရသည်။ ဘီလ်၏လိပ်စာကိုမေးဖို့ ရော သူမ သားအငယ်ဆုံး၏နံမည်က ဘီလ်ဖြစ်သည်ဆိုတာကိုပြောဖို့ ပါမေ့ခဲ့ပြီ။
ခက်မာ |
Comments
Post a Comment