နှင်းဇာလွှာတွေ သိုင်းခြုံလွှမ်းနေတဲ့ ချင်းတောင်တန်းပေါ်သို့ အလည်တစ်ခေါက်

နှင်းဇာလွှာတွေ သိုင်းခြုံလွှမ်းနေတဲ့ ချင်းတောင်တန်းပေါ်သို့ အလည်တစ်ခေါက် PDF Print E-mail
ဇွဲဆုပန်၊ဆားလင်းကြီး၊


လူတွေဟာ သံသရာမှာ သွားလာ လည်ပတ်ရင်းနှင့် ဘ၀ ပေါင်းများစွာ ပြောင်းလဲ နေခဲ့ကြတာမို့ သံသရာ ခရီးသည်တွေပါပဲ။

ဒီအထဲကမှ လူရယ်လို့ ဖြစ်လာပြန်တော့ မရောက်ဖူးတဲ့ နေရာကို ရောက်ချင်ကြတယ်။ မမြင်ဖူးတာကို အဆန်းထင်တယ်။ ကျွန်တော်လည်း လူတွေထဲက လူတစ်ယောက်မို့ သံသရာ ခရီးသည် တစ်ဖြစ်လည်း...။

ခရီး သွားမယ်လည်း ဆိုရော ကိုယ့်ရဲ့စိတ်က လတ်ဆတ်ပြီး တက်ကြွ နေပြီးသားလေ။ ဘယ်နေရာကိုပဲ သွားသွား မပါမဖြစ်၊ မလိုက်မဖြစ် လိုက်နေကျမို့ ကျွန်တော့်ကို ပါလေရာ “ကိုဆား”လို့တောင် ကင်ပွန်း တပ်ခံရမတတ်ပါပဲ။

စပြီး စီစဉ်တာက မင်းကွန်းနဲ့ စစ်ကိုင်းတောင်ရိုး ခရီးစဉ်။ တစ်ခု ရှိတာက မင်းကွန်း၊ စစ်ကိုင်း တောင်ရိုး ဆိုတာက ကုသိုလ်ရေးတွေနဲ့ပဲလေ။ ဘုရား ပုထိုးတွေကို မြင်နေရရင်ပဲ ကုသိုလ်စိတ်က ဖြစ်ပြီးသား။ လက်အုပ်ချီပြီး သားမို့လား။ အလှူငွေ လှူလိုက်၊ ဘုရား ဖူးလိုက်ပေါ့။

တစ်ပတ်လောက် အလိုမှာတော့ အစီအစဉ်ကို ပြောင်းသွားပြီ။ တကယ်တမ်း သွားဖြစ်တော့ ချင်းတောင်ပေါ်ကို။ ဘာပဲပြောပြော မရောက်ဖူးတဲ့ နေရာဆိုတော့ ဘယ်ကိုပဲ ရောက်ရောက် အမြတ်ပဲလေ။ ခရီးစဉ်ကို ဆလိုင်း အောင်ဆန်းဝင်းက သူ တာဝန်ကျရာ ကရင်ပြည်နယ်ကို မပြောင်းခင် သွားချင်တယ် ဆိုပြီး စီစဉ်လိုက်ခြင်းပါပဲ။ ကလေးမြို့လေးကို ရောက်စတုန်းကလည်း နေရာ အနှံ့ကို ရောက်အောင် သွားတာပါပဲ။ ရောက်ချင်တဲ့ နေရာတိုင်းကို မရောက်ရောက်အောင် သွားတတ်သူမို့ သူ့ကိုတော့ ချီးကျူးမိပါရဲ့။

ပထ၀ီ အနေအထား အရ ကလေးမြို့ရဲ့ အနောက်ဘက်နဲ့ အနောက်တောင်ဘက်တွေမှာ ချင်းတောင်တန်းတွေက ကာဆီး ထားတာပါ။ ဒီတောင်တန်းကြီးတွေကြောင့်လည်း ကလေးမြို့လေးက မုန်တိုင်း ဘယ်လောက်ပဲ ထန်ထန်၊ လေဘယ်လောက်ပဲ ကြမ်းကြမ်း မခံရတာ များပါတယ်။

တောင်တန်းကြီးတွေ ကာဆီးထားတဲ့ အတွက်ကြောင့်ပေါ့။ အခုတော့ ဒီတောင်တန်းကြီးတွေဆီကို ရောက်ဖြစ်တော့မှာ ပါလားလို့ တွေးရင်းနဲ့ပဲ ကျေနပ်ပျော်ရွှင် နေရပြန်တော့တယ်။ ဆလိုင်းရဲ့ကျေးဇူးကြောင့် ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါး မြို့တော်ကို ရောက်ဖို့ အကြောင်း ဖန်လာခြင်းလည်း ဖြစ်ပါတယ်။

ခရီးတစ်ထောက်၊ ရောက်လုရောက်ခင်
စိတ္ဘ၀င္မွာ၊ ၾကည္လင္ရႊင္ပ်
နေသားကျလို့၊ လှပဆန်းကြယ်
ရှုစဖွယ်တို့၊ တွေ့မယ်မြင်သား
အာရုံကြားက၊ အသွားနှင်နှင်
မပြန်ချင်သည်၊ ဤခရီးကို
ရောက်လိုပါလှ၊ စိတ်ဆန္ဒကြောင့်
ဘယ်လောက်(မိုင်)ဝေးဝေး အနီးလေး။

မသွားခင် ညက ဒီကဗျာလေးကို မရေး တတ်၊ ရေးတတ်နဲ့ စာရွက်ပေါ်မှာ ချရေးထား လိုက်တယ်လေ။ ဒီကဗျာလေးကို ရေးနေတဲ့ အချိန်မှာ နာရီလက်တံက ညဆယ်နာရီ ထိုးလုထိုးခင်ပါ။ သွားမှာက ချင်းတောင်တန်းတွေပေါ်။ ရာသီဥတုက ချမ်းအေးတဲ့ ဒေသလည်းဖြစ်၊ ရေ တောင် ခဲတဲ့ဒေသမို့ လိုရမည်ရ အနွေးထည်က ၅ ထည် ထည့်ထားရတာလေ။ သွားတိုက်ဆေး၊ မျက်နှာသစ်ခရင်မ်၊ ဘီး၊ မျက်နှာလိမ်း ခရင်မ်က အစ အကုန်ထည့်ထားရတယ်။ မျက်နှာသစ် တဘက်နဲ့ မာဖလာကလည်း မပါမဖြစ် ပါအောင် ယူထားရပြန်တယ်။ ကိုယ့်အကြောင်း ကိုယ်သိပြီး သားဆိုတော့ လက်နှိပ် ဓာတ်မီးလည်း ဆောင်သွား ရသေးတယ်။ ညရေးညတာ အတွက် လိုရင်လွယ် အောင်လို့ပေါ့။

ခြေအိတ်နဲ့ ဘွတ်ဖိနပ်ကိုတော့ မပါမဖြစ် ၀ယ်ရပြန်ပါသေးတယ်။ အားလုံး စုရပ်ဖြစ်တဲ့ ဆလိုင်းတို့ အိမ်ကိုရောက်တော့ အားလုံးထဲမှာ ကျွန်တော့်အိတ်က အကြီးဆုံး ဖြစ်နေခဲ့တာလေ။ ကိုယ့်အိတ်ကို မြင်ပြီး ထအော်တဲ့ သူက ရှိသေး။ ကိုယ့်လိုအပ်ချက်နဲ့ ကိုယ်ယူခဲ့တာ ဆိုတော့ သူတို့ ပြောစကားကို မမှုနိုင်တော့ပါဘူး။

မနက် ငါးနာရီ ခွဲပြီးလောက် စထွက်မှာ လေ။ ကိုယ်က ပြည့်စုံအောင် ပြင်ခဲ့ပြီးပြီမို့ ကိုယ့် အိပ်ရာလေးမှာပဲ အေးအေးဆေးဆေး စာဖတ်နေ လိုက်တော့တယ်။ စာဖတ်ရင်းနဲ့ စာထဲကို အာရုံ ၀င်စားလို့ မရအောင် သူတို့ရဲ့ အပျော်တွေက ကိုယ့်ဆီ ကူးစက်လာခဲ့ပြန်ပါတယ်။ ခြုံစောင်လေးကို ဘေးမှာ အသာချပြီး သူတို့ ၀ိုင်းထဲကို ၀င်လိုက်တော့ ကိုးယောက်စလုံးက ဘီယာ တစ်ဘူးစီနဲ့ မြူးနေကြပြီ။ သူတို့လို မပျော် တတ်လို့သာ။ သူတို့ကို ကြည့်ပြီး အားလည်း ကျပါရဲ့။ စိတ်ထဲမှာလည်း ကြည့်ပြီးကို ပျော်နေတော့တာ။ ကိုယ်က မသောက်တတ်တော့ သူတို့နဲ့ သင်းခွဲ ထားခဲ့တာလေ။

အိပ်ရာ အပြောင်းအလဲမို့ တစ်ညလုံး နိုးတစ်ဝက် အိပ်ပျက် ဖြစ်နေခဲ့တော့တယ်။ မနက် ၃ နာရီ ခွဲ၊ လေးနာရီလောက်မှာ အိပ်ရာထဲက ကမှုန်ကမွှား ထပြီး မျက်နှာသစ်၊ အလေးအပေါ့ သွားပြီး ကားပေါ်ကို ပစ္စည်းတွေ တင်နဲ့ ခရီး စထွက်ဖို့ ပြင်ဆင် ကြပါတော့တယ်။

ပြင်ဆင်ပြီး ပြန်တော့ နံနက်စာ အတွက် ဘယ်မှာ သွားစား ရမလဲလို့ စဉ်းစားရပြန်ပါတယ်။ မီးခွက်ဈေးကို သွားပြန်တော့ ဈေးတန်းထဲ တိုးရ ဦးမှာမို့ မတိုး ဖြစ်ခဲ့ပါဘူး။ လက်ဖက်ရည်ဆိုင် တွေကလည်း မီးမွှေးစပဲ ရှိသေးတာလေ။ နောက် ဆုံးတော့ အနီးအနားက တောင်တန်းပြာ လက်ဖက်ရည်ဆိုင်မှာပဲ ထိုင်လိုက်ရတယ်။

ထပ်တစ်ရာ စားပြီးမှ ကားမူး ပျောက်ဆေးလုံးကို သောက်ထား လိုက်ရတယ်။ ဒီဆေးကလည်း မသောက်လို့ မဖြစ်သေးဘူးလေ။ ကိုယ့် အားနည်းချက်ကြောင့်ပဲ ခရီးသွားတိုင်း မပါမဖြစ် ဆောင်ထားရတာ။ မုန့်စားပြီး ကားပေါ် နေရာကို လုရပြန်တယ်လေ။ ကားမူးတဲ့ အတွက် ပြတင်း ပေါက်နားမှာ နေရာ ယူရပြန်ပါတယ်။ လက်ဖက်ရည် ဆိုင်နားကနေ ကားစထွက်တော့ မနက် ၅ နာရီ ထိုးပြီးပါပြီ။

ခရီးသည် ၁၁ ယောက်ကို တင်လာတဲ့ ကားလေးက တာဝေး အပြေးသမား တစ်ယောက်လို တောင်တက်လမ်းတွေကို ဖြည်းဖြည်းမှန်မှန်နဲ့ လမ်းအချိုး အကွေ့တွေကို အသက်မှန်မှန် ရှူပြီး ပြေးနေလေရဲ့။ မနက် မလင်းခင်မို့ ကားမီးရောင် ရှိတဲ့ ရှေ့တူရူက လွဲပြီး ဘာမှ မမြင်ရသေးဘူး။ အဲဒီမှာ အချိန်ကို အလဟဿ မဖြစ်ရအောင် အိပ်ထား လိုက်တယ်လေ။

အလင်းရောင်လေး မှုန်ပျပျမှာတော့ လမ်းဘေး အိမ်တန်းတွေကို မြင်လာရပြီ။ ရွာနာမည်တွေက ဘာလဲဆိုတာ မမှတ်မိပေမယ့် ရွာနာမည်တွေက အခေါ်ရ တော်တော် ခက်ပါတယ်။ ရွာနာမည် တွေက စာလုံးပေါင်း ဖတ်ရမတတ်ပါ။ ဖတ်ရင်းနဲ့ပဲ ကားက ရှေ့ရောက် သွားပြီမို့ ရွာနာမည် ဆုံးအောင် မဖတ်လိုက်ရပါဘူး။

ဒီကြားထဲမှာ ကားက တီးတိန်နယ်ထဲလည်းရောက်ရော ဘဏ်ဝန်ထမ်း ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်က ၄/တတန နယ်ထဲကို ရောက်နေပြီလို့ အရွှန်းဖောက် ပြောပါသေးတယ်။ အစက နားမလည်ပေမယ့် ပြီးမှ ပြုံးရပြန်တယ်။ အလင်းရောင် ကောင်းကောင်း ရလာတော့ သိုင်းငင်းရွာကို ကျော်လာခဲ့ ပါပြီ။ သိုင်းငင်းရွာက တီးတိန်နယ်ရဲ့ တစ်စိတ် တစ်ဒေသပါ။ အဲဒီမှာ တောင်ပေါ်မှာ မောင်းတဲ့ သူတို့ဒေသ လက်ဖြစ် ကားလေးတွေကို တွေ့ရပြန်ပါတယ်။ ကိုလွင်မိုးရဲ့ ခရီးစဉ်မှာတော့ တွေ့ခဲ့ဖူးပြီးသားမို့ ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ပါဘူး။ တစ်ယောက်က “အဲဒီကားကို ကျွန်တော် မောင်းမယ်၊ ခင်ဗျား စီးရဲလား” လို့ မေးတော့ ချက်ချင်းပဲ “ဟင့်အင်း”လို့ ဖြေလိုက်မိပါတယ်။ တစ်ဖက်က တောင်ကမ်းပါးယံ၊ တစ်ဖက်က ချောက်နက်၊ ချောက်ကမ်းပါး အစပ်မှာ အိမ်ဆောက်ထားတဲ့ အတွက်မို့သာ။ ဒီအတိုင်းဆိုရင် တော်တော်ကြောက်ဖို့ ကောင်းတဲ့ အနေအထားတွေလေ။

နံနက် ၈ နာရီခွဲမှာတော့ ဗားလုံရွာကို ရောက်ခဲ့ပြန်ပါတော့တယ်။ တော်တော်လေး လင်းနေခဲ့ပြီမို့ တောင်တန်းတွေကြားက တိမ်စိုင် တိမ်လိပ်တွေကို ရှုမငြီးဖွယ် ငေးခဲ့ရပြန်ပါတယ်။ ဗားလုံရွာက လွန်ခဲ့တော့ မြူငွေ့တွေ တဟူးဟူး တိုက်နေတဲ့ နေရာမှာ ဓာတ်ပုံရိုက်ဖို့ အားထုတ် ခဲ့ပြန်ပါတယ်။

ရောက်တဲ့ နေရာတိုင်းမှာ ကားက ရပ်တာနဲ့ ကင်မရာကို အပြေးအလွှား ဖွင့်ရင်း အမှတ်တရ ဓာတ်ပုံတွေကို ရိုက်ကြတာမို့ နေရာတိုင်းကို စာနဲ့ မမှတ်သား နိုင်ပေမယ့် ဓာတ်ပုံကိုတော့ မလွတ်တမ်း ရိုက်ခဲ့ရပါတယ်။ ဓာတ်ပုံကတော့ ၀ါသနာ အရ ရိုက်ခဲ့တာမို့ ကိုယ့်စိတ်ကြိုက် မဖြစ်ခဲ့ပြန်ပါဘူး။

လမ်းတစ်လျှောက်မှာ တချို့နေရာတွေကို ရောက်တိုင်း ကျောက်တိုင်တွေ စိုက်ထူ ထားတာတွေကို တွေ့ရပြန်တယ်။ ဘာလဲလို့ မသိပေမယ့် မသိတဲ့သူ တွေချည်းမို့ ဘာမှ စုံစမ်းလို့ မရခဲ့ပြန်ပါဘူး။ တချို့နေရာတွေမှာ အမှတ်တရ ကျောက်တိုင်တွေ စိုက်ထားတာကို တွေ့ခဲ့ရပြန်ပါတယ်။ ကားပေါ်က မြင်နေရတဲ့ ရှုခင်း ရှုကွက်တွေက ကျွန်တော့်ရဲ့စိတ်ကို ဖမ်းစား ထားခဲ့တာလေ။ ၀ဲယာကြည့်လိုက်တိုင်း မြင်နေရတဲ့ ရှုခင်းတွေမှာ ထင်းရှူးပင်တန်းတွေက များပါတယ်။

ဒီအချိန်မှာတော့ တောင်ဇလပ်ပင် တွေက အလှည့်မကျသေးလို့ အားယူ နေကြတုန်းပဲ ရှိဦးမှာပါ။ ဒရိုင်ဘာအစ် ကိုကြီး လက်ညှိုး ညွှန်ရာကို ကြည့်လိုက်တော့ ပင်စည်မှာ ရေညှိတွေ တက်နေတဲ့ တောင်ဇလပ်ပင်ပျိုတွေကို အရွက်စိမ်း ညို့ညို့တွေနဲ့ တွေ့ခဲ့ရပြန်ပါတယ်။ တီဗွီမှာ မြင်ဖူးတဲ့ တောင်ဇလပ်ပန်းကို စိတ်အာရုံထဲမှာ ဖမ်းပြီး ဒီပင်စည်မှာ ကပ်ကြည့်တော့ တော်တော်လေး လှပ နေခဲ့ပြန်ပါတယ်။

“တောင်ဇလပ်ပန်းလေး လေပြည်ထဲမှာ ယိမ်းနွဲ့၊ ကန်းထရီးသီချင်း တစ်ပုဒ်နဲ့ ကနေသလိုပဲ”ဆိုတဲ့ သီချင်းစာသားလေးကို ကြားယောင်မိပြန်ပါ တယ်။

သီချင်း စာသားလေးနဲ့ တောင်ဇလပ် ပန်းကို အတွေးထဲမှာ စီးမျောနေတုန်း သူငယ်ချင်းက လာပြီး လှုပ်လိုက်တော့ အတွေးတွေ ပျက်ပြယ်ခဲ့ရတဲ့ ခဏ၊ သူ လက်ညှိုးညွှန်တဲ့ ဆီမှာ မြစ်ကြောင်းလေးနဲ့ အတူ မြစ်ဖြတ် တံတားလေးကို လှမ်းမြင်ခဲ့ရပါတယ်။

“အဲဒါ ဘာလဲ”လို့ မဆိုင်းမတွ မေးလိုက်တော့ မဏိပူရမြစ်နဲ့ ဖြတ်ထားတဲ့ ဗားရ်တံတား ဆိုတာကို သိခဲ့ရပါတယ်။
စောစောက မြင်ခဲ့ရတဲ့ မြစ်နဲ့ တံတားဟာ တောင်တွေ ကွေ့ရင်းပတ်ရင်းနဲ့ ပျောက်သွားလိုက်၊ မြင်ရလိုက် ဖြစ်နေခဲ့ပါတယ်။ ကားလေးကတော့ တောင်တန်းတွေပေါ်က ဆစ်ချိုးကွေ့ တွေကို ကွေ့လိုက် ပတ်လိုက်နဲ့ ခရီးပြင်းနှင် နေရတုန်းပါ။ ဒရိုင်ဘာရဲ့ပါးနပ်တဲ့ အတွေ့အကြုံ အယူအဆတွေက ကားလေးကို ကြိမ်မနှင်ဘဲ သွားစေတဲ့ မြင်းတစ်ကောင်လိုပါပဲ။ ကြော့ကြော့မော့မော့လေး ဖြစ်နေခဲ့တာလေ။ ဒီကြားထဲမှာ တောတောင် ရှုခင်းတွေကို ကြည့်ရင်း ငိုက်မျဉ်း လာတာနဲ့ တစ်ရေးလောက် မှေးဖြစ်ခဲ့ပြန်ပါတယ်။

တောင်ဆင့်တောင်ထိပ်၊ ကွေ့ပတ်ပိတ်၍
မြွေလှိမ့်သာသာ၊ သွားရရှာသည်
မပီဝိုးဝါး၊ တိမ်တွေကြားသို့
စွန့်စားဝံ့စွာ၊ ရောက်ခဲ့ပါပြီ
ဤခရီးက နီးနီးလေး။

“လာချင်ရင် အနီးလေး၊ မလာချင်ရင် ခရီးဝေး”ဆိုတဲ့ ရှေးလူကြီးသူမ တွေရဲ့စကားက သိပ်မှန်ပါတယ်။ ဒီလို တောင်အဆင့်ဆင့်တွေကို ကျော်လွှား ပြီးသွားရဖို့ စိတ်ကူးနဲ့ပဲ ကျေနပ်နေရတဲ့ သူတွေ အများကြီးပါ။ ကျွန်တော် ကိုယ်တိုင်တောင် ရောက်ဖို့ စိတ်ကူးခဲ့ပေမယ့် ရောက်ဖြစ်အောင် အားမထုတ် ခဲ့ပါဘူး။ အခုတော့ ခရီး မဆုံးသေးပေမယ့် ခရီးက တော်တော် ပေါက်ခဲ့ပါပြီ။

နာရီဝက်၊ တစ်နာရီလောက်က ရေးရေးလေး မြင်နေခဲ့ရတဲ့ မြစ်နဲ့ တံတားလေးက မျက်စိအောက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ပါပြီ။ မြစ်ကို ဖြတ်ကူးတဲ့ တံတားပေါ် ရောက်တော့ ဘယ်ဘက်နားက ရေစီးသံတွေ တဝေါဝေါနဲ့ ကြားနေခဲ့ရတာပါ။ တံထားထိပ်ဘက်က သစ်ပင်ရိပ်မှာ ကားရပ်နားတော့ ကင်မရာ ကိုင်ပြီး ဓာတ်ပုံရိုက်ဖို့ အပြေး ရောက်လာခဲ့ပြန်ပါတယ်။

“ဒီလူကတော့ သူများထက် ဆိုးတယ်။ အိပ်ငိုက်တာလည်း သူ့အပြင် မရှိဘူး။ ဓာတ်ပုံရိုက်မယ် ဆိုတော့ ရှေ့ဆုံးက”ဆိုပြီး ဆလိုင်းက ကျွန်တော့်ကို ပြောနေပြန်ပါတော့တယ်။

သူ ပြောတဲ့ စကားကို မမှုအားပါဘူး။ တစ်ဖက်က ရေအား လျှပ်စစ်က ထုတ်လိုက်တဲ့ ရေတွေကို ကင်မရာနဲ့ ဆွဲပြီးရိုက်လိုက်ပါတယ်။ ပြီးမှ သူငယ်ချင်းတစ်ယောက်ကို ကင်မရာပေးပြီး ဓာတ်ပုံ ရိုက်ခိုင်းရပါတယ်။ ဓာတ်ပုံကို သုံး၊ လေး ပုံရိုက်ပြီးမှာတော့ ခရီး ဆက်ခဲ့ရပြန်ပါတယ်။ ဗားရ် တံတားကို အလာတုန်းက လမ်းအဆင်းချည်းပေမယ့် အထွက်မှာတော့ အတက်တွေချည်း တွေ့ရ ပြန်ပါတယ်။

တောင်အဆင့်ဆင့်ကို တော်တော်ကျော်ပြီး ချိန်မှာတော့ တိမ်တွေရဲ့အထက်မှာ ရောက်နေခဲ့ တာကို သိခဲ့ရပြန်ပါတယ်။ စိတ်ထဲမှာတော့ တိမ်တွေပေါ်ကို လမ်းလျှောက် သွားကြည့်ချင် စိတ်တွေ ပေါ်နေခဲ့ပြန်တယ်လေ။ အံ့သြစရာ ကောင်းတာက ဒီနေရာလေးမှာ အပူပိုင်း အပင်တွေဖြစ်တဲ့ ရှားပင်၊ မန်ကျည်းပင်တွေကို ရှားရှားပါးပါး တွေ့ရတာပါပဲ။
တောင်ခြေမှာ မြင်နေရတဲ့ လှေကားထစ် စိုက်ခင်းလေးတွေကလည်း မျက်စိ ပသာဒကို အမြင် လှစေခဲ့ပြန်ပါတယ်။ ဒီခရီးက အမြင်အာရုံ ကတစ်ဆင့် စိတ်အာရုံကို ကြည်နူး ဆွတ်ပျံ့နေစေတော့ အိပ်ချင်စိတ်တောင် ပျောက်ဆုံးနေခဲ့ ရပါတယ်။ တောပန်းတောင်ပန်းတွေ ဆိုတာကတော့ မြင်မြင်သမျှ အသစ်အဆန်းတွေချည်း ဖြစ်လို့။

နှင်းငွေ့ဝေေ၀၊ တောင်ခြေတစ်ဝိုက်
မြူတစ်သိုက်က၊ စရိုက်ကြမ်းရှ
လှပနေသည်၊ ကဗျာပီပီ
စာမီဖို့ရာ၊ ခဲယဉ်းစွာဖြင့်
အာသာငမ်းငမ်း၊ ဖမ်းလို့မရ
စိတ်ဝေဒနာ၊ ဖြေရခက်ပြီ
ခရီးဘယ်မှာ ဆုံးမည်နည်း။

နေရောင်ခြည်တောက်ပလာတာနဲ့အမျှ မြူခိုးမြူငွေ့ တွေလည်း ဘယ်ရောက်သွားပြီ မသိနိုင်တော့။ တိမ်စိုင်တိမ်လိပ်တို့သော်မှ မပီချင် တော့။ တောင်ခြေမှာ ဟိုတစ်ကွက်သည် တစ်ကွက်တိမ်စိုင်တွေက တောင်ရိပ်မှာ ခိုနားပြီး ငြိမ်နေကြရှာသည်မှာ နေမင်းကြီးနဲ့ တူတူပုန်းတမ်း ကစားနေသည့် အလား။ မျက်စိပသာဒမှာ ကြည့်မ၀ ဖြစ်ခဲ့တဲ့ တိမ်ပန်းချီ၊ နေမွန်းတည့်လုနီးမှာတော့ ပျောက်သွားခဲ့ပြီ။

နေ့လယ်စာကို ဖလမ်းမြို့ပေါ်က ဥပဒေရုံး ဘေးက ဆိုင်လေးမှာ စားလိုက်တာပါ။ ဆိုင်ရှင် တွေကလည်း ဈေးသည်ဈေးဝယ် သဘော မထားဘဲ အလည် ရောက်လာတဲ့ ဧည့်သည်ကို ဂရုတစိုက် လုပ်ပေးကြတော့ စိတ်ထဲမှာ ပီတိနဲ့အတူ သာဓု ခေါ်မိရပြန်တယ်။

ကိုယ်စား လိုတာကို မှာပြီး ဟိုဘက်ဒီဘက် လျှောက်ကြည့်ရင်း ဟိုးအဝေး တောင်တန်းပေါ်က စေတီနဲ့ တင်ပျဉ်ခွေ ရုပ်ပွားတော်ကို ကင်မရာနဲ့ မြင်ကွင်းချဲ့ပြီး ရိုက်ခဲ့ပြန်ပါတယ်။ ဒီတောင်ပေါ် ဒေသမှာ ဗုဒ္ဓဘာသာ ပြန့်ပွားဖို့ လုံ့လ ပြုခဲ့ကြတဲ့ သာသနာ့ ၀န်ထမ်း သံဃာတော်များနဲ့ ဆိုင်ရာ လူကြီးတွေကိုပါ ကျေးဇူး တင်မိရပြန်ပါတယ်။

ဖလမ်းမြို့နယ်က မိုင်တိုင် အနီးမှာလည်း အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ပြန်ပါတယ်။ အဲဒီက ရိုက်ပြီးလို့ ထမင်းဆိုင်ကို တစ်ခေါက်ပြန်သွားပြီး မှာထားတာတွေ ရ၊ မရမေးရင်း ပန်းအိုးတွေ တွေ့တော့ ပန်းပွင့်တွေကို အမှတ်တရ ကင်မရာထဲ ထည့်သိမ်းခဲ့ပြန်ရော။

ကျွန်တော့်ရဲ့ Photo Model ဖြစ်တဲ့ မင်းမင်း ထွန်းကတောင်
“အစ်ကို ရိုက်လှချေလား”
လို့ မေးရတဲ့ အထိပါပဲ။

မြင်မြင်သမျှဟာ မဆန်းချင်သူတွေ အတွက် မဆန်းကြယ်ပေမယ့် ကျွန်တော်တို့ အတွက်တော့ အမှတ်တရကို ဆန်းကြယ် နေခဲ့ရပါတယ်။ ဒီမြေ၊ ဒီရေနဲ့ ဒီဒေသမှာ ပွင့်တဲ့ပန်းတွေ၊ ရှင်သန် နေရှာတဲ့ သစ်ပင်တွေဟာ နှင်းဒဏ်ကိုတော့ တော်တော် ဇွဲရှိရှိနဲ့ အန်တု နေကြရပါလိမ့်မယ်။ ပွင့်ဖတ်က နုနယ်သ လောက် နှင်းဒဏ် ခံနိုင်ရှာပါပေ့လို့ ချီးကျူးစကား တောင်ဆိုမိခဲ့ရတဲ့ အထိ။

ထမင်းပွဲက ကိုယ့်စိတ်ကြိုက် သက်သတ်လွတ်မို့ တစ်ယောက်တည်း သီးသန့် ထိုင်စားခဲ့ ပါတယ်။ ဒါပေမဲ့ ဟင်းရည်မှာတော့ ဆားဓာတ် မပါဘဲ ပေါ့ရွှတ်ရွှတ် အရသာ အတိုင်း သောက်ခဲ့ရပါတယ်။ မုန်ညင်းချဉ်ကတော့ ငရုတ်သီး စပ်စပ်နဲ့မို့ အချမ်းဓာတ် သက်သာအောင် ရှူးရှူးရှဲရှဲ စားခဲ့မိတာပေါ့။ ထမင်းတစ်ပွဲကို တစ်ဝက်သာ ကုန်ခဲ့တာမို့ စားပွဲပေါ်မှာ ဒီအတိုင်း ချန်ထားခဲ့လိုက်တယ်။

ထမင်းစားပြီး ကားမူးပျောက်ဆေး တစ်လုံးကို ရေတစ်ကျိုက်နဲ့ မျှောချရပြန်ပါတယ်။ ဆေး သောက်ရတိုင်း ကိုယ့်ကိုယ်ကိုယ် မချင့်မရဲ ဖြစ်ရတာမို့ ကိုယ့်စိတ်ကိုဖျောက်ပြီး ကင်မရာ တစ်လုံးနဲ့ အတူ စားသောက်ဆိုင်ထဲက ထွက်ခဲ့တော့တယ်။ အဲဒီ အချိန်မှာ ကျန်တဲ့ လူတွေက စားဖို့ စောင့်ရတုန်းပဲ ရှိသေးတာလေ။ ဆလိုင်းကတော့ သူ့လူတွေနဲ့ အတူ တရုန်းရုန်းပါပဲ။
အားလုံး စားသောက်ပြီးချိန်မှာတော့ ကျွန်တော်လည်း ဓာတ်ပုံတွေလေး၊ ငါးပုံလောက် ရပြီမို့ ကားပေါ်မှာ ငြိမ့်နေခဲ့ ပါတော့တယ်။ ခဏနေရင် ကားလေးက ဟားခါး ရွှေမြို့တော်ဆီ ချီတက် ရဦးမှာလေ။ စိတ်ထဲကပဲ ကားလေးကို ကျေးဇူးတင် နေရပြန်တော့တယ်။

မြူခြေဆိုင်းဆိုင်း၊ တောင်တံတိုင်းက
ပတ်ဝိုင်းဖွေလည်၊ နေမကြည်လည်း
လေပြည်သွေ့သွေ့၊ နှင်းငွေ့ငွေ့နှင့်
တစ်ကွေ့ခရီး၊ မဝေးနီးသည်
လိုရာခရီး ရောက်ခဲ၏။

ဖလမ်းနယ်မှ နှုတ်ခွန်းဆက်ပြီး ကျောခိုင်းခဲ့ချိန်မှာ ကျွန်တော်တို့ အတွက် ဟားခါးမြေပေါ် ခြေချခဲ့ရပါပြီ။ အထက်ကောင်းကင်မှာ နေရောင်က တောက်ပနေပေမယ့် အနွေးထည်တွေတော့ မချွတ်ရသေးပါဘူး။ တစ်လမ်းလုံး တွေ့ရတဲ့ ထင်းရှူးပင်တွေကတော့ စိမ်းတချို့၊ ၀ါတချို့နဲ့ ကွန်ပျူတာ screen ပေါ်က ရှုခင်း တစ်ခုလို လှပနေလေရဲ့။ အဝေးမြင်နဲ့ အနီးမြင်မြင်ကွင်းတွေ လှပ နေတာဟာ စက္ခု အာရုံကို ဖယ်ခွာခွင့် မပြုနိုင်အောင်ပါဘဲ။

ဟားခါးမြေပေါ် ခြေချခဲ့တာပဲ အတော်ကြာခဲ့ပြီ။ အဝေးတောင်ကြား လမ်းပေါ်ကနေ ဟားခါးမြို့တော်ဟာ ဒါပါလားလို့ သိလိုက် ရချိန်မှာတော့ စိတ်အစဉ်က လှုပ်ရှား နိုးကြားလာပါတော့တယ်။ အဝေး တစ်နေရာကနေ မြင်နေတဲ့ ဟားခါးမြို့တော်ဟာ မြို့တော် ပီသစွာပဲ လှပ နေခဲ့ပါတယ်။ ဟားခါးမြို့တော်က ချင်းပြည်နယ်ရဲ့မြို့တော် ဆိုတာ ငယ်ငယ်က သင်ခဲ့ရတာမို့ ဘာကြောင့်မြို့တော် အဖြစ် သတ်မှတ် ရတာလဲလို့ တွေးခဲ့ဖူးပါရဲ့။ အခုတော့ မြို့တော်ရဲ့ ဖွံ့ဖြိုးမှုတွေက လက်တွေ့ မြင်တွေ့ ရပြီမို့ စိတ်အစဉ်မှာ ရှင်းရှင်းလင်းလင်း သိခွင့် ရခဲ့ပြီလေ။

ဟိုးလွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်လောက်က အမျိုးသား အားကစား ကျင်းပတဲ့ နေရာဟာ တီဗွီဖန်သား ပြင်ပေါ်က မြင်ကွင်းနဲ့ လက်တွေ့ဟာ ထပ်တူ မကျတော့ပေမယ့် နေသားတကျတော့ လှပ နေပါသေးတယ်။ ကျွန်တော်တို့ ကားလေးဟာ တောင်ကြောလမ်း ကွေ့တွေကို ကွေ့ကာ ပတ်ကာပဲ ဟားခါးမြို့ထဲကို ချဉ်းနင်း ၀င်ရောက်ခဲ့ပါတော့တယ်။ ဗိုလ်ချုပ် လမ်းအကွေ့တွေကို မောင်းခဲ့တာပဲ တော်တော် ကြာခဲ့ပါပြီ။ အခုတော့ မျှော် တလင့်လင့်နဲ့ ရောက်ခဲ့ရပြီလေ။

မြို့ထဲကို ရောက်ပြန်တော့ တည်းခိုဖို့ နေရာကို ရှာရပြန်ပါတယ်။ Garce ဆိုတဲ့ တည်းခိုခန်းကို ရောက်တော့ ညနေ ၃ နာရီ မိနစ် ၂၀ ရှိပြီလေ။ မနက် ၅ နာရီလောက်က စခဲ့တဲ့ ခရီးကို ညနေ ၃ နာရီ မိနစ် ၂၀ မှာမှ ရောက်တာမို့ အချိန် တော်တော်ကြာ ကားစီး ခဲ့ရတာလေ။

ခရီး ရောက်မဆိုက် ကိုယ့်အခန်းနဲ့ ကိုယ့်သော့ယူ၊ မှတ်ပုံတင် ကတ်ပေး ပြီးတော့မှ အလာတုန်းက ၀တ်ခဲ့တဲ့ အ၀တ်တွေကို တစ်ထပ်ချင်း ခွာချရပြန်တယ်။ မျက်နှာသစ်၊ သွားတိုက်ပြီးချိန်မှာ အိပ်ရာပေါ် အညောင်းဆန့်တဲ့ အနေနဲ့ မိနစ်ဝက်သာသာပဲ လျောင်းဖြစ်ခဲ့ပါတယ်။

အ၀တ်အစား လဲပြီးလို့ ခဏနေတော့ ဂန့်ဂေါဘက် အထွက်ကို ကားနဲ့ သွားကြည့်ခဲ့ကြတာပါ။ အဲဒီမှာပဲ အားကစား ပွဲတော် ကျင်းပရာ ၀မ္မသူးမောင် အားကစားကွင်းက ၁၅ နှစ်လောက် ကြာခဲ့ပြီမို့ မလန်းဆန်းတော့ပါဘူး။ ကွင်းထဲမှာ မြက်ပင်တွေက ခြေသလုံး သာသာတွေမို့ မျှော့တွေ၊ ကျွတ်တွေ တောင် ရှိနေလောက်ပြီလို့ ထင်မိပါတယ်။

ဟားခါးမြို့က လမ်းအဆင်းအတက် အကွေ့တွေကို လမ်းလျှောက်ခဲ့ ရပြန်တော့ ကိုရီးယား ဇာတ်လမ်းတွဲထဲက လမ်းတွေအလား ထင်မှတ်ခဲ့ရပြန် ပါတယ်။ ဒီလို တောင်ပေါ်တွေမှာမှ ခင်တွယ် နေကြတဲ့ တိုင်းရင်းသားတွေကို ချီးကျူးမိရပါရဲ့။ ဒီလောက်ဝေးလံ ခေါင်သီတဲ့ နေရာလေးတွေမှာနေပြီး ပျော် နေကြပြန်တဲ့ သူတို့ရဲ့စိတ်တွေဟာ ကိုယ့်ရေကိုယ့်မြေကို ချစ်တဲ့စိတ်တွေ ကြောင့်ပါလားလို့ တွေးပြီး ဂုဏ်ယူ မိခဲ့ပါတယ်။ ဒီလိုလှပတဲ့ တောတောင်တွေ၊ ရှုခင်းတွေဟာ ကိုယ့်နိုင်ငံမှာလည်း ရှိပါလားလို့ တွေးမိချိန်မှာ ကိုယ့်အမိ မြန်မာနိုင်ငံမှာ လူဖြစ်ရကျိုး နပ်ခဲ့ပြန်ပါတယ်။

တည်းခိုခန်းမှာ ရေမချိုးခဲ့တာဘဲ ခပ်ကောင်းကောင်းလို့ တွေးမိပါတယ်။ နေရောင်ဟာ တောင်ကို စောစော ကွယ်သွားခဲ့ပြီမို့ အအေးဓာတ်က လွှမ်းမိုးလာ ခဲ့ပြန်ပါပြီ။ အလင်းရောင် မှုန်ပျပျအောက်မှာ ဂန့်ဂေါဘက် အထွက်လမ်းမှာ အမှတ်တရ ဓာတ်ပုံ ရိုက်ကြပြန်တော့ တချို့ နေရာတွေမှာ မြို့ဧရိယာ တော်တော် များများကို တိမ်ဇာလွှာက ခြုံလွှမ်း ထားခဲ့ပြီပဲ။

ဓာတ်ပုံထဲမှာ ကိုယ်က တိမ်ပေါ်မှာ လမ်းလျှောက် နေရသလိုပါ။ ငယ် ငယ်ကတည်းကနေ အခု ဒီတိမ်စိုင် တိမ်လိပ်တွေကို မမြင်ဘူးခင် အထိ တိမ်ဆိုတာ ထုထည် ကြီးမားလိမ့်မယ်လို့ ထင်ခဲ့မိတာပါ။ တိမ်စိုင်လို အခိုးအငွေ့ တွေကို မြင်ရတွေ့ ရတော့မှပဲ တိမ်ဆိုတာ အခိုးအငွေ့တွေ စုစည်းထားတဲ့ အစိုင်အခဲ သဏ္ဌာန်ဆိုတာ သိလိုက် ရပါတော့တယ်။

ကားမှန်မှာ ကိုယ့်ရုပ်ကို ပြန်ကြည့်မိတော့ နှင်းမှုန် ရိုက်ခံထားရတဲ့ မျက်နှာဟာ အက်ရှရှဖြစ်နေခဲ့ပြီလေ။ ကိုယ့်အသားအရေက အစကမှ မကောင်းရတဲ့ အထဲ အခုတော့ ပိုဆိုး နေခဲ့တော့တာကို တွေ့လိုက်ရတယ်။ Skin Care အနေ နဲ့ ဘာမှ မလုပ်ဖြစ်ပေမယ့် လိမ်းနေကျ Cream ကို ပုံမှန်ထက် ပိုပြီး ထူထူလေး လိမ်းထား ရတော့တာပေါ့။

ညစာကိုတော့ Grace တည်းခိုခန်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ရွှေမြို့တော်မှာပဲ စားဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ လူတွေက အအေးဒဏ်ကို ခံနိုင်ရည် ရှိဖို့ အတွက် လုံးပန်း နေကြချိန်မှာတော့ ကျွန်တော်က ချက်ပြုတ် ကြော်လှော်တဲ့ အခန်းမှာ သွားပြီး စပ်စု နေမိပြန်တယ်လေ။

ဆီက ဘာဆီ သုံးတာလဲလို့လည်း မေးမိပါရဲ့။ ကိုယ့်အတွက် သက်သတ်လွတ် အဆင်ပြေအောင် ကိုယ်တိုင် ၀င်ပြောရင်း ချက်တဲ့ နေရာက မခွာဘဲ ချက်ပြုတ် ကြော်လှော်နေတာကို စပ်စု နေမိပါတော့တယ်။ သုံးတဲ့ဆီက ပဲဆီတဲ့။ မြေပြန့်က မှာရတာမို့ တော်တော်လေး ခက်ခဲကြရမှာပါ။ ကျွန်တော့် အကြိုက် ထမင်းကြော်ကို သီးနှံအစုံနဲ့ ကြော်ပေးတာမို့ ကျေးဇူးတင်ရင်း ကျေးဇူးတင်ရင်း ဖြစ်ရတော့တာပါပဲ။

ထမင်းစားပြီး ပြန်တော့ ဗိုလ်ချုပ် လမ်းပေါ်မှာ ခဏ လမ်းလျှောက်ဖြစ်ခဲ့ ပြန်ပါတယ်။ မြို့မ ဈေးနားက အကွေ့မှာတော့ ခဏဟိုကြည့် ဒီကြည့် ကြည့် ရင်းနဲ့ပဲ ပလက်ဖောင်းမှာ ရပ်နေခဲ့မိပါတယ်။ နာရီက ငါးနာရီ သာသာပဲ ရှိသေးပေမယ့် ညကလည်း မှောင်သထက် မှောင်လာ နေပြီလေ။

မှောင်လာတာနဲ့ အမျှ တောင်ကုန်းတောင်ထိပ်၊ ချိုင့်ဝှမ်းတွေမှာ မီးရောင်လေးတွေ လင်းလာပါတော့တယ်။ လမ်းမကြီး တစ်လျှောက် တိတ်ဆိတ်နေခဲ့ တာမို့ ဘယ်မှ မထွက်ဖြစ်တော့ဘဲ တည်းခိုခန်းမှာ ပြန်နား လိုက်ရပါတော့တယ်။ အိပ်ရာပေါ် ရောက်နေခဲ့ပေမယ့် အိပ်မပျော် သေးတာမို့ ၀တ္ထုတိုစု စာအုပ်ကို ကောက်ကိုင်မိ ပြန်ပါတယ်။ ကိုယ်နဲ့ အခန်းဖော်ကတော့ တရှူးရှူးနဲ့ အိပ်မော ကျနေလေရဲ့။ ၀တ္ထုတစ်ပုဒ် ပြီးတော့မှ ကင်မရာက ဓာတ်ခဲ အားသွင်းရမှာကို သတိ ရမိတာလေ။ ကင်မရာရဲ့ Power ကို နှိပ်လိုက်တော့ ဓာတ်ခဲအားက တစ်ဝက်လောက်နီးပါး ကျန်နေခဲ့သေးတာမို့ နေ့က ရိုက်ထားတာတွေကို ပြန်ကြည့်ရင်း စိတ်က ပျော်ရွှင် နေခဲ့တာပါ။

ဖလမ်း အ၀င်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံကို ကြည့်ရင်း ညနေက ကျွတ်တွယ်တာကို ပြေးပြီး သတိ ရမိပါတယ်။ စိတ်ထဲမှာ ကြက်သီး မွေးညင်းတွေ ဖြန်းခနဲ ထပြီး ယားသလိုလို ခံစားရပြန်တော့ ကိုယ့်ကိုယ်ကိုယ် ရယ်ချင်မိပြန်ရော။ အတွယ် ခံရတာက တစ်ယောက် ကိုယ်က မြင်လိုက်ရုံနဲ့ လန့်ခဲ့တာလေ။ လှံဖျား ပုစဉ်းနား ကျီးကန်းချေးပါ ဆိုတဲ့ စကားပုံလို ဖြစ်နေခဲ့ပြန်ပါတယ်။ မြင်လိုက်ရတဲ့ ကျွတ်ကလည်း လက်ခလယ်နီးပါး ကြီးတာပါ။ စုပ်ထားတဲ့ သွေးဝသွားမှ သိလိုက် ရတာမို့ တော်ပါသေးတယ်။ ကျွတ်က ကွာကျသွား ပေမယ့် သွေးက တော်တော်နဲ့ မတိတ်ပါဘူး။ နီးရာ ဆေးခန်းက ပလတ်စတာ ၀ယ်ကပ်လိုက်မှ သွေးထွက်ပေါက် ပိတ်သလိုမို့ ရပ်သွား ခဲ့ပါတော့တယ်။ ဒါဟာ ကျွတ်ဆိုတာ သိရပြီးတဲ့နောက် ကိုယ့်စိတ်က ရွံကြောက်ကြီး ဖြစ်ပြီး မရိုးမရွနဲ့ ဖြစ်နေခဲ့ ပြန်ပါတယ်။

ဓာတ်ခဲကို အားသွင်း ထားရင်းက စာအုပ်ကို ဆက်ဖတ် နေခဲ့ပါတယ်။ အဲဒီ အချိန်မှာတော့ လမ်းတစ်ဖက် မျက်စောင်းထိုး ဘော်ဒါ တစ်ခုက စာကျက်သံတွေကို ကြားနေခဲ့ ရပါတယ်။ တံခါး တစ်ချပ် လှပ်ကြည့်ပြန်တော့ နှင်းထုက ကာဆီး ထားတာမို့ မီးရောင်ကိုတောင် မသဲကွဲပါဘူး။ အအေးဓာတ်ကလည်း တိုးဝှေ့လာတာမို့ တံခါးကို အမြန်ပဲ ပိတ်လိုက်ရပါတယ်။

မှေးစက်အိပ်ရာ ကမ္ဗလာ(စောင်)က
ကျောမှာစိမ့်စမ်း ရင်ဝယ်ချမ်းဘိ
မချိကိုယ်မှာ နွေးလိုပါလှ
အဇ္ဈတ္တကြောင့် စောင်နှစ်လွှာလွှား
ခေါင်းခြေဖျားတို့ လုံငြားခါခါ
ကြည့်မိပါသည်။
ခြေဖျားလက်တွေ နွေးနေပါမှ
အိပ်(လို့) ရပါမည်။
ညရေးခက်ခက် အိပ်ရေးပျက်ပြီး
အေးချမ်းလှသည့် တစ်ညတာခရီး...။

အပြင်မှာ အေးနေတဲ့ အရှိန်က အခန်းလုံကို တောင်ဖောက် ထွင်းနေခဲ့တာပါ။ စောင်နှစ်လွှာကို ခြုံထားရပေမယ့် ခြေဖျားက လေဝေ့တော့ အအေးက ၀င်လာပြန်တာမို့ ခြေထောက်တွေကို ထွေးရပြန်ပါတယ်။ ခြေထောက်ကို ထွေးပြီးတဲ့ ခဏ ကျောချ လိုက်ပြန်တော့ ၀င်လာတဲ့ အအေးဓာတ်က ကျောကိုစိမ့်သွားပြန်တာမို့ အနေခက် ရပြန်ပါတယ်။

နေ့က ကားစီး ခဲ့ပြီးလို့ ပင်ပန်း လှပေမယ့် အိပ်ချင်စိတ်က ဘယ်ကို အလည် ထွက်နေပြီ မသိ အောင်ပါ။ မျက်စိကို မှိတ်ပြန်တော့ ကားမောင်း နေတဲ့ အလား ရိုးတိုးရိပ်တိတ် ဖြစ်နေခဲ့တာလေ။ တစ်ဖက်ကိုစောင်းပြီး စာကို ဆက်ဖတ် နေခဲ့ပြန် ပါတယ်။

အိပ်၍မပျော်သော ညတစ်ည သံသရာ လည် ဆိုတဲ့ သီချင်း စာသားထဲကလို လေသာ ပြတင်းမှာလည်း ထွက်မရပ်ရဲ၊ အိပ်လို့လည်း မရမို့ ကမ္ဘာပေါ်မှာ အလေးဆုံးအရာသည် မျက်ခွံဆိုတာ မှားများ မှားနေလေရော့ သလားလို့ တွေးမိပါရဲ့။ ကိုယ့်မျက်ခွံကို မှိတ်ရဖို့ ဘယ်လို Password မျိုးကိုများ ပေးထားခဲ့ပါလိမ့်။

နာရီကြည့်လိုက်တော့ ရှစ်နာရီ ထိုးပြီးပြီ။ အခုမှ တစ်ဖက်ခန်းက စကားပြောသံ သဲ့သဲ့ကို ကြားနေရတာလေ။ သူတို့ကတော့ တစ်ရေး နိုးနေပြီး။ နှစ်နာရီလောက် ကြာခဲ့တာမို့ အပန်း ပြေနေကြ ပြီထင်ပါရဲ့။ ကျွန်တော့် အတွက်တော့ အိပ်ပျော်အောင် ဘယ်လိုမှ ကြံဆောင်လို့ မရတဲ့အဆုံး...

နာရီဓာတ်ခဲ အားသွင်းတာပဲ တစ်နာရီ ကျော်ပြီ။ ဓာတ်ခဲ အားသွင်းတာ ဖြုတ်ပြီး မပျော် ပျော်အောင် အိပ်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ စောင်ကို ခေါင်းမြီးခြုံပြီး လက်နှစ်ဖက်ကို ဗိုက်ပေါ်မှာတင် လက်မ ထိပ်ချင်းထိပြီး သမ္ဗုဒ္ဓေ ဂါထာကို တစ်ခေါက်ပြီး တစ်ခေါက် ရွတ်နေမိပါတော့တယ်။

မနက် ၅း၀၀ နာရီလောက်မှာ အိပ်ရာက နိုးခဲ့ပါတယ်။ ဆလိုင်းက အဲဒီအချိန်မှာ အပြင် ထွက်ဖို့ပြင်နေပြီမို့ အမြန်ပြီးအောင် ပြင်ရပါတော့တယ်။ ညက အိပ်ပျော်သွားခဲ့တာ ဂါထာ ဆယ်ခေါက်ကျော်လို့ စိတ်က မှတ်မိ နေခဲ့ပါတယ်။ ကိုယ်ရဲ့အခန်းဖော်ကို အရအမိ နှိုးရပြန်တာမို့ စိတ်ကသိကအောက် ဖြစ်ရပြန် ပါတယ်။ ကိုယ့်ထက် သုံးနာရီလောက် ပိုအိပ်ခဲ့တာပဲ။ ပြောရင်း သူ့လက်ကို ဆွဲထူမိပြန်ပါတယ်။

မျက်နှာသစ် သွားတိုက်တော့မှ ကိုယ့်ရဲ့ပြည့်စုံမှုကို ပြန်ပြီး ချီးကျူးမိ ရပြန်ပါတယ်။ သွားတိုက်ဆေးဘူး မပါသူ၊ တဘက် မပါသူ၊ ဘီးမပါသူနဲ့မို့ သူတို့ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်း ပေးနိုင်ခဲ့ပါတယ်။ ကိုယ့်ရဲ့ စေ့စပ်မှု အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူခဲ့မိတာ လွန်တယ်လို့ မထင်မိပါဘူး။ နံနက်စာကို ဦးစတီဗင်ထာဘိခ်ရဲ့ဧည့်ခံမှုနဲ့ အတူ အာဟာရ ဖြည့်တင်း ခဲ့ရပါတယ်။ သူများလို များများလည်း မစားနိုင်တာမို့ ညီငယ် ကျော်သူဌေး ဆီက မုန့်တစ်ဖဲ့နဲ့ တင်းတိမ် ခဲ့ပါတယ်။ မနက် ၆ နာရီမှာ အားလုံးစား သောက်ပြီးပြီမို့ ရုန်းတောင်ပေါ်ကို သွားဖို့ အားလုံး ဆုံးဖြတ်ခဲ့ပြန်ပါတယ်။

ဦးစတီဗင်လမ်းညွှန်တဲ့ အတိုင်း ဘုရားဖူးပြီး တစ်ခါတည်း ပြန်ဖို့ ဆုံးဖြတ် ခဲ့တာမို့ တည်းခိုခန်းမှာ အ၀တ်အိပ်တွေ ပါလာသမျှကို ပြန်ပြီး သိမ်းကြပြန် ပါတယ်။ အခန်း သော့ပြန်အပ်ပြီး မှတ်ပုံတင် ကတ်တွေကို ပြန်ယူခဲ့တာလေ။ ပိုက်ဆံရှင်းပြီး အားလုံးကို နားမလည်ခဲ့ပေမယ့် လက်ဆွဲ နှုတ်ဆက်ရင်း “မန်းထာ”လို့ လက်ပြခဲ့မိပါတယ်။

တစ်ညတာ တည်းခိုခဲ့ရတဲ့ အတွက် တည်းခိုခန်း ပိုင်ရှင်ကိုလည်း “ဘုရား သခင် ကောင်းချီး ပေးပါစေ”လို့ဆုတောင်း ပေးမိရပါတယ်။ ကားပေါ်မှာ အိတ်ကို တင်ပြီးတော့ မြို့မ ဈေးဘက်ကို အပြေးလေး သွားပြီး စပ်စုမိပြန်တယ်။ ဈေးသည် ဈေးဝယ်တွေ မစည်ကားပေမယ့် နှင်းမှုန်တွေကို အန်တုပြီး ဈေးခင်းနေတဲ့ ဟားခါးသူ လေးတွေကို ဟားခါးပြန် အလွမ်း အနေနဲ့ ကားပေါ်ရောက်မှ ဘယ်သူ့ကိုမှ မရည်ရွယ်ဘဲ လက်ပြနှုတ်ဆက် ခဲ့တာလေ။

တောင်ပေါ်ရောက်တော့ ဆရာတော် အရှင်သိရိန္ဒရဲ့ ရုပ်ကလာပ်တော် ထားရာ မှန်ခေါင်းကို မသွားခဲ့ရပေမယ့် ဆရာတော်ရဲ့ပုံတော်ကို မှတ်တမ်း တင်ရင်း ဦးချမိခဲ့တာလေ။ ကားပေါ်က ဆင်းကတည်းက စီးလာတဲ့ဘွတ် ဖိနပ်ကို ချွတ်ပြီး ကကုသန် စေတီတော်ကို ရင်ပြင်ပေါ် မတက်ခင် ဓာတ်ပုံ ရိုက်ခဲ့တာမို့ ဆလိုင်း ပြောလည်း ပြောစရာ ဖြစ်ခဲ့ပြန်ပါတယ်။

ဆရာတော်ရဲ့ပုံတော်ကို ပုံကြီးချဲ့ အမှတ်တရ ကုသိုလ်ပြု ထားတာမို့ ဆရာတော် အရှင်စန္ဒာသီရိနဲ့ အရှင်ပညာသီရိတို့ကို ကျေးဇူး တင်မိပြန်ပါတယ်။ ဆရာတော် ပျံလွန်တော် မူခဲ့တာက ၂၀-၄-၂၀၀၄ ဆိုတော့ အခုဆိုရင် ခြောက်နှစ် ကျော်ခဲ့ပါပြီ။ ကျောင်းပေါ်မှာ လက်ရှိ ကျောင်းထိုင် ဆရာတော်ကို ဖူးပြီး ၀တ္ထုငွေလည်း ကပ်လှူ ခဲ့ကြတာဟာ အမှတ်တရ ကုသိုလ် ဖြစ်ခဲ့ရပြန်ပါတယ်။ စေတီတော်ပေါ်မှာ ခေါင်းလောင်း မထိုးခဲ့ရပေမယ့် သာဓု ခေါ်နိုင်ကြ စေချင်ပါတယ်။

ဆရာတော်ဆီက ခွင့်တောင်းပြီး ပြန်တော့မှ မြို့မ ကျောင်းရှေ့မှာ ခဏ ရပ်ခဲ့တာပါ။ မြို့မကျောင်း ဆရာတော်ကို သွားမဖူးခဲ့ရပေမယ့် ဆိုင်းဘုတ်ပေါ်က ပုံတော်ကို ဓာတ်ပုံရိုက်ပြီး ကြည်ညိုခဲ့ ရပြန်တယ်။ နာရီက ၈ နာရီ ထိုးပြီးပြီ။ တစ်ဖွဲ့လုံး ပြန်ဖို့ တာစူနေခဲ့တာလေ။ ပြန်ရောက်လို့ တစ်ရက် နားပြီးရင် အလုပ် ပြန်ဝင်ရမှာမို့ အိမ်ကိုစောစော ရောက်လေ ပိုကောင်းလေပါ။ ဗိုလ်ချုပ်လမ်းပေါ်မှာ ဟားခါး စားဘူးသီးကို အမှတ်တရ စားဖို့ စိတ်ကူး ခဲ့ကြပေမယ့် ဆိုင်တွေက ဆယ်နာရီလောက်မှ ရမှာမို့ အာသာ မပြေဘဲ ပြန်ခဲ့ကြရပါတယ်။ နောက်တစ်ဆိုင်ကို မေးကြည့်ပြန်တော့လည်း “ထိုနည်း လည်းကောင်း” ပြန်ကြရအောင်လို့ တညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ ကြပါတော့တယ်။

ခေါင်ရည်တစ်ကြုတ်၊ နွားနောက်တုတ်ထိုး
ကြပ်ခိုးဆတ်ကင်၊ (စားဖို့)အာသာပြင်မိ
မရှိခဏ၊ ချိန်မရလို့
ဆန္ဒကိုသာ၊ ဖြေသိမ့်ပါသည်။
ဘယ်ခါသတိ စိတ်အသိဝယ်
ရောက်တယ်ဆို(ရုံ)သာ၊ မှတ်ရပါသည်။
ဟားခါးမြေမှာ တို့မန်းထာ
နှုတ်ဆက်ခွဲခွာ ချန်ခဲ့တာ
တို့ရဲ့စိတ်ကူးတွေ ကျန်ခဲ့တော့မှာပါ။

ဟားခါးမြို့ကနေ ကားလေး ပြေးထွက်ခဲ့တော့ နာရီက ၈ နာရီ ခွဲနေပါပြီ။ ကျွန်တော့်အတွက် နွားနောက်သား မစားရလို့၊ ခေါင်ရည် မသောက်ခဲ့ရလို့ ဘာမှ မဖြစ်ခဲ့ပေမယ့် ကျန်တဲ့ အဖွဲ့သားတွေ အတွက်တော့ အာသာ မပြေခဲ့ပါဘူး။ ရောက်ချင်လှတဲ့ ဟားခါးမြေကို ရောက်ခဲ့ရတာပဲ တခုတ်တရ မှတ်တမ်း တင်နေခဲ့ရတာပါ။ အလာတုန်းက မရပ်ခဲ့ရတဲ့ “ဟားခါးမြို့တော်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်က အပြန်မှာတော့ နှုတ်ခွန်းဆက်သ နေလေရဲ့။ ဆိုင်း ဘုတ်မှာ အမှတ်တရ အဖြစ် ဟားခါးသူတွေဆီက ပလိုင်းတွေ ငှားပြီး အလု အယက် ဓာတ်ပုံ ရိုက်ကြပြန်တာမို့ အပျော်တွေပဲ စီးမျောခဲ့ပြန်တာပါ။

ရွာတစ်ရွာနဲ့ တစ်ရွာကြားမှာ သွားလာနေတဲ့ တောင်ပေါ်သားတွေဟာ ခြေကျင် လျှောက်ကြတာတွေ များပါတယ်။ သူတို့ရဲ့နောက်မှာ လွယ်ပိုးထားတဲ့ ပလိုင်းထဲမှာ အသားနဲ့ အသီးအရွက်တွေဟာ စုံစီနဖာပါပဲ။ တစ်ခါတစ်ရံ ပလိုင်းထဲမှာပဲ မိမိရဲ့ရင်သွေးငယ်ကို လွယ်ပိုးထားတာ တွေ့ရပြန်တာမို့ ဘယ်လို စိတ်ခံစားချက်ရယ် မသိပေမယ့် လက်ပြ နှုတ်ဆက် မိရပါတယ်။ သူတို့ကလည်း လက်ပြ နှုတ်ဆက်ရင်း ကျန်ခဲ့တော့တယ်။

ဒီဘက်လမ်းကနေ ဟိုးအဝေး တစ်နေရာက လမ်းကို လှမ်းကြည့်ပြီး မြင်နေရတာပါ။ ဒါပေမဲ့ အဲဒီ နေရာကို ရောက်ဖို့ တစ်တောင်ပြီး တစ်တောင် ဆစ်ချိုး ကွေ့တွေနဲ့ ဖောက်လုပ် ထားရတဲ့ အတွက် ရောက်ခဲ လှပါတယ်။ ကျွန်တော့် အတွက်က ခရီးစိမ်းမို့ မြင်မြင်သမျှ လည်ပြန် ကြည့်ရတဲ့ အထိ။ ကားပေါ်မှာပါလာတဲ့ ညီငယ် ကိုကိုမောင်နဲ့ ဒေးဗစ်တို့ကတော့ ဟိုရွာကဗားလုံ၊ ဒါပြီးရင် ဗားရ်တံတား ရောက်ပြီဆိုတဲ့ အသွားအပြန် မြေပုံတွေနဲ့ ညွှန်နေခဲ့တာပါ။ ကားပေါ်မှာ ဘယ်လိုမှ မှတ်သား မရတဲ့အတွက် ဦးနှောက် အသိမှာ မစွဲမမြဲနဲ့ဘဲ မှတ်သား ခဲ့ရတော့တာပါပဲ။

တချို့ နေရာတွေမှာ အိပ်ငိုက်သွားပေမယ့် ကြာကြာမငိုက်မျဉ်းနိုင်ပါဘူး။ ဆလိုင်းတို့ အဖွဲ့ရဲ့ သီချင်းသံတွေ နားစည်ကို နမ်းရှိုက်လာတော့ စိတ်အာရုံက လှုပ်နိုး လာခဲ့တာလေ။
“အာသံနဲ့ မဏူပူရ မြစ်စီးဆင်းရာ တို့ချင်းမြေ...”

ဒီသီချင်း စာသားကို အော်ပြီး ဆိုခဲ့ကြတာပါ။ ကိုယ်ကတော့ သီချင်းကို မရတော့ လက်ခုပ်တီးပြီး စည်းဝါး လိုက်နေခဲ့တာပါ။ ဗားရ်တံတားကို ရောက်ပြန်တော့ အပြန်အတွက် ဓာတ်ပုံတွေ ရိုက်ကြပြန် တယ်လေ။ ဗားရ်တံတားရဲ့ တစ်ဖက်မှာ ရှိတဲ့ ငဆစ်ဗား ရေအားလျှပ်စစ် စက်ရုံကြီးကတော့ သူ့တာဝန်သူ ကျေပွန် နေလေရဲ့။ ဒီစက်ရုံကပဲ ဖလမ်းနဲ့ ဟားခါးမြို့တွေကို နေရာတော်တော် များများ ၂၄ နာရီပတ်လုံး အလင်းတွေ ပေးနေခဲ့တာပါ။ အဲဒီတော့မှ ညက စာအုပ် ဖတ်ခဲ့ရတဲ့ အလင်းရောင် အတွက် ငဆစ်ဗား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ကျေးဇူးတင် မိရပြန်ပါ တယ်။

ဒီခရီးကို ဒီတစ်ကြိမ်ဟာ ပထမဆုံး ရောက်ခဲ့ သေးတာမို့ နောက်ထပ် ရောက်နိုင်ဖို့ ကကုသန် စေတီတော်မှာ ရှိခိုးရင်း ဆုတောင်းခဲ့မိတာဟာ မလွန်ဘူးလို့တော့ ထင်ခဲ့တာပါ။ မမေ့နိုင်အောင် ဖြစ်ခဲ့ရတာက ဗားရ်တံတားက အထွက် အားလုံးရဲ့ ပျော်မြူးနေတဲ့ ပုံလေးပါပဲ။ ဒီပုံလေးကို တော့ ညီငယ်ဒေးဗစ်က မှတ်တမ်း တင်ပေးတာမို့ သူ့ကိုလည်း“ကလောမ်သု”လို့ ပြောမိရပါရဲ့။

ဗားရ် တံတားက ထွက်ခဲ့တော့ကားလည်း မမူးတော့ဘူး။ စိတ်တွေလည်း လန်းဆန်း နေခဲ့တာ မို့ ခင်မောင်ထူး၊ စိုင်းစိုင်မောဝ်၊ ချစ်ကောင်း သီချင်းတွေကို မပြတ်တမ်း သီဆို နေခဲ့ကြတာပါ။ ကိုယ်ကတော့ ရရင်လိုက်ဆိုမယ်၊ မရရင် လက်ခုပ်တီးတယ်။ ဒါကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့တာမို့ စိတ်ထဲက အပျော်တွေသာ စီးမျောရင်း။

ဆလိုင်းက သတိရတိုင်း သူ အလွန်အကျွံ ကဲခဲ့တာတွေကို စာထဲ ထည့်မရေးဖို့ တတွတ် တွတ်ပြော နေတော့တာပါ။ ဘယ်ရမလဲ ကိုယ်ကလည်း ငြိမ်နေပေမယ့် သူတို့ကို ကြည့်ပြီး ပျော်နေ ခဲ့တာပါ။ စိတ်ထဲမှာတော့ စာတွေက စီပြီး နေခဲ့ပြီ။
လမ်းတစ်လျှောက်မှာ တွေ့ရတဲ့ အိမ်လေးတွေက လေဒဏ်မိုးဒဏ် ခံနိုင်အောင်လို့ ထင်ပါရဲ့။ အလုံပိတ် တံခါးတစ်ချပ် ဖွင့်တွေပဲ များပါတယ်။ တောင်စောင်းကို မေးတင်ပြီး ဆောက်ထားတာမို့ သူတို့ကိုယ်စား ကြောက်စိတ် ၀င်မိပါတယ်။

ဗားလုံကို ပြန်ရောက်ချိန်မှာ မြူတွေက ဆိုင်းလာခဲ့တာမို့ အနွေးထည်တွေ ပြန်ထုတ်ပြီး ၀တ်မိ ပြန်ပါတယ်။ ဒီလမ်းခရီးမှာ ဥတု သုံးမျိုးလောက် ဖြတ်လာခဲ့ရတာပါ။ ကိုယ့်ဒေသကို ပြန်ရောက်ရင် ဘာတွေ ဖြစ်နေဦးမလဲ မသိပေမယ့် အခု နေချိန် မှာတော့ စိတ်ထဲမှာ အပျော်တွေသာ စီးမျော နေခဲ့ ကြတာပါ။ ခရီးသွားရင်း သီချင်း ဆိုမယ် ဆိုတာလို ဖြစ်နေတော့တာပါ။ ခက်တာက သီချင်း မရတာက များနေတာလေ။ ကျွန်တော့်အတွက် သူများ သီချင်းဆိုရင် ကိုယ်က လက်ခုပ် တီးမယ်လို့ ပြောရမှာပေါ့။

သိုင်းငယ်ကို ရောက်ခဲ့တော့ ဗိုက်ဆာတဲ့သူ စားလို့၊ မဆာတဲ့ သူက ကားပေါ်မှာ ကျန်ခဲ့ကြ ပါတယ်။ မိုးချုပ်မှာ စိုးရိမ်တဲ့အတွက် ဆလိုင်းက နားချိန် အများကြီး မပေးခဲ့ပါဘူး။ ကျွန်တော်က တော့ ခဏတာ နားတဲ့အခိုက် ပန်းပွင်လေးတွေ မြင်ပြန်တော့ ကင်မရာ ကိုင်ပြီး အပြေးအလွှား သွားမိ ပြန်တယ်လေ။ ရှားရှားပါးပါး နှင်းဆီပင်က အသီးကို ကွမ်းသီးလုံးလောက် တွေ့ရတာမို့ အဆန်းတကြယ် ဓာတ်ပုံ ရိုက်ခဲ့လိုက်တယ်။ နာရီက ငါးနာရီ ထိုးနေပြီမို့ မြူနှင်းက အုံ့ဆိုင်းဆိုင်းနဲ့ မှောင်စ ပြုနေခဲ့ပါပြီ။

သိုင်းငင်က ကားလေး ပြန်ထွက်ခဲ့တော့ မီးထွန်းပြီး မောင်းခဲ့ ရတော့တာပါ။ ကျွန်တော်တို့ က အငြိမ့်သား ထိုင်လိုက်ခဲ့ရပေမယ့် ကားဆရာ ကိုအောင်ကတော့ မျက်စိရော၊ နားရော၊ လက်ခြေ ပါတစ်စက်လေးမှ သူ့ခမျာ မနားရ ရှာပါဘူး။

တစ်လမ်းလုံးမှာ သီချင်းသံတွေ ဆူညံနေခဲ့ပေမယ့် တီးတိန်နယ် အစပ်က ထွက်ခွာနီးတော့ အသံတွေ တိတ်နေခဲ့တာပါ။ အားလုံးရဲ့ရင်ထဲမှာ ဘယ်လို ရှိတယ်ဆိုတာ မသိရပေမယ့် ကိုယ်နဲ့ နှိုင်းစာပြီး ပြောရရင် ဟားခါးမြေကို လွမ်းစိတ်က အခုမှ ပိုပြီး သိလာရတော့တာလေ။

အပေါ်စီးမြင်ကွင်းကျယ်က
ရှုမငြီးချင်စရာ
ငါ့မှာ...သတိလက်လွတ်ငေးမောနေမိ
ဒီနေရာမှာ
ဘ၀တွေက လေကြောမိနေတဲ့ လေတံခွန်
လွမ်းစရာတွေရှိလည်း
နာစရာတွေနဲ့ မဖြေချင်ဘူး။

ကိုယ့်အတွေးနဲ့ ကိုယ်တွေးရင်း ဆရာ သော်တာစံရဲ့ “ရှုခင်းသာ”ဆိုတဲ့ ကဗျာလေးကို ပြန်ပြီးအမှတ်ရမိပါရဲ့။ တွေးမိရင်းလည်း ရွတ်ဆိုနေမိပါတယ်။ ကလေးမြို့ဆိုင်းဘုတ်လည်းဝင်ခဲ့ရော ကိုယ်ဟာ ဟားခါးမြို့ အထူးသဖြင့် ဒီချင်း တောင်တန်းကြီးပေါ်ကို ရောက်ခဲ့ဖူးပြီ ဆိုတဲ့ ပီတိ အဟုန်က နှလုံးကို လေဟပ်သလို ခံစား လိုက်ရပါရဲ့။ ဆလိုင်းရဲ့ ကျေးဇူးကြောင့် ဒီခရီးစဉ် ဖြစ်မြောက်ခဲ့ရတဲ့ အတွက် ဘုရား သခင်ကောင်းချီး ပေးပါစေလို့ ဆန္ဒပြုရင်း။

Comments

Popular posts from this blog

ထွက်ရပ်ပေါက်ဖို့

ဟင်းသီးဟင်းရွက်အခေါ်အဝေါ် များ

မြသန်းတင့် ခွေးကလေး