bagi aungsoe
“သစ္စာသည်သာ … အလှတရား” ပန်းချီ၏ အသက်သည် “ပုံဆွဲ” ပန်းချီ၏ ရသသည် “ဒီဇိုင်း” ပန်းချီ၏ အနှစ် သာရသည် “အရောင်” ဗဂျီအောင်စိုး ပြောခဲ့တဲ့ စကားသုံးခွန်း ဖြစ်ပါတယ်။ သူ ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် ထုတ်တဲ့ စာအုပ် နောက်ကျောဖုံးမှာ ဖော်ပြထားတာပါ။ ဗဂျီအောင်စိုး ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ်စာအုပ် မျက်နှာဖုံး။ ဒီဇိုင်း - ဗဂျီ လင်းဝဏ္ဏ ဗဂျီအောင်စိုးလို့ ပြောလိုက်ရင် မော်ဒန်ပန်းချီကို မြန်မာမှာ အစပြုခဲ့တဲ့ သူတယောက်၊ စိတ်အလျဉ်နဲ့ ပန်းချီ ရေးနည်းကို စခဲ့တဲ့ သူတယောက်၊ မော်ဒန် ဆိုတာ အရှေ့ကနေမှ အနောက်ကို ကူးတာလို့ ပြောခဲ့သူ တယောက်၊ ရိုးရာမှသည် ခေတ်သစ် ဆီသို့ ဆိုတဲ့ ဒီနေ့ မြန်မာ ပန်းချီသမားတိုင်း အလေးထား ဖတ်ရှု လေ့လာ နေရတဲ့ စာအုပ်ကို ပြုစုခဲ့သူ တယောက် ဆိုတာ ပန်းချီ လေ့လာသူတိုင်း သိပြီးသားပါ။ ဝလုံးလေး ၈ လုံး ရန်ထားတဲ့ ဝလုံးကြီး တလုံးကို သူ့လက်မှတ်တိုင်းမှာ မြင်ရပြီး ပန်းချီကို အသံထွက် အတိုင်း ဗဂျီလို့ ရေးတဲ့သူ တယောက် ဆိုတာကတော့ ပန်းချီကို မရင်းနှီးတဲ့ စာဖတ် သူတွေပါ သိပါတယ်။ သူက ကဗျာသရုပ...