KyawSawMinn


ကျော်စောမင်းနှင့် ရင်းနှီး ချစ်ခင်စွာ

စာရေးတယ် ဆိုတာ တချို့က အတတ်ပညာလို့ ဆိုကြတယ်။တချို့က အနုပညာလို့ ဆိုကြတယ်။ ဘယ်ဟာ မှန်တယ်ထင်လဲ။

ဘယ်ဟာမှ မမှန်ပါ။ အနုပညာနဲ့ အတတ်ပညာ ပေါင်းထားတာ ဖြစ်ပါတယ်။ အမျိုးအစားကို လိုက်ပြီး ရောစပ်ပုံ Mixing ratio ကာသွားမယ်။

“စာကောင်းရေးချင်ရင် စိတ်ကောင်း မွေးရမယ်လို့” ဆရာဇော်ဂျီက ဆုံးမတာ ဖတ်ဖူးတယ်။ စိတ်ကောင်း မရှိဘဲ စာရေးနေတဲ့ လူတွေ ရှိနိုင်သလား။

ရှိပါတယ်။ ရည်ရွယ်ချက်က ကောင်းပြီး စေတနာမှန် အရင်း ခံတာတောင်မှ အရေး မတတ်ရင် ဖြစ်ဖြစ် အပြင် ခံရရင်ဖြစ်ဖြစ် လိုရာ မရောက်ဖြစ်ပြီး စာမကောင်း ဖြစ်နေတတ်တယ်။ စိတ်ကောင်း မရှိဘဲ စာရေးနေတဲ့ လူတွေရဲ့ စာကို ကြည့်ချင်ရင် နံပတ်တစ် အဖြစ် ဟစ်တလာရဲ့ မိန်းကင့်ကစပါ။ အဲဒီ စာရင်းက အဆုံး မရှိဘူး။ မဂ္ဂဇင်း ဆောင်းပါးတွေ သတင်းစာ ဆောင်းပါးတွေပါ ထည့်ရင် စာရင်း တအား ရှည်လိမ့်မယ်။

လူတိုင်း ဘာကြောင့် စာရေးဆရာ မဖြစ်ကြတာလဲ။ဗီဇကြောင့်လား၊ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုနဲ့ ဆိုင်သလား။

အတော်ဆိုးတဲ့ မေးခွန်းပဲ။ စာရေး ဆရာဖြစ်ခြင်း မဖြစ်ခြင်းဟာ ဆန္ဒဇောနဲ့ ဆိုင်တယ်။ ဘ၀ ရည်ရွယ်ချက်နဲ့ ဆိုင်ဆယ်။ ဗီဇ ရှိသော်လည်း အသိအမြင်နဲ့ အတတ်ပညာကို မဖြည့်ဆည်းရင် ဝေလေလေ လောက်ပဲ ဖြစ်မယ်။ ပတ်ဝန်းကျင်ကောင်းလို့ စာတွေရေးဖြစ်ရင်းက စာမျက်နှာတွေပေါ် လွင်လွယ် ရောက်လာတဲ့ လူမျိုးကတော့ လော်ရီကားပေါ် တင်သွားတဲ့ အုတ်ခဲ ကျိုးလိုပါပဲ။ လော်ရီကားက ရွေ့နေတုန်းတော့ အုတ်ခဲလည်း ရွေ့နေမှာပဲ။ ကားပေါ်က ဆင်းရင် လမ်းဘေး အုတ်ပုံဘ၀ ရောက်မှာပဲ။

အလွန်အကျွံ ဖွဲ့ဆိုခြင်းများကို အနုပညာလို့ သတ်မှတ်လား။

အတိဿယ၀ုတ္တိ ဆိုတာ အလင်္ကာမြောက် စေတဲ့ နည်းတစ်မျိုးပဲ။ အတတ် ပညာပေါ့လေ။ သုံးတတ်မှ အနုပညာအဖြစ် ပြောင်းသွားနိုင်တဲ့ ဖွဲ့နွဲ့မှုတွေထဲမှာ သူလည်းပါတယ်။

ဘာဖြစ်စေချင်လို့ စာတွေ ရေးနေတာလဲ။

တစ်ခုခု အပြောင်းအလဲ ဖြစ်စေချင်လို့ပါ။

“စာအုပ်စာပေဟာ” လူတစ်ယောက်ရဲ့ ဘ၀ကို ပြောင်းလဲနိုင်စွမ်း ရှိသလား။ သင့်ဘ၀ အတွက် ပြောင်းလဲစေခဲ့တဲ့ စာအုပ်(သို့)၀တ္ထု တစ်ခုခု ရှိပါသလား၊ (ရှိလျှင်ဖော်ပြပေးပါရန်)

ရှိပါတယ်။ ကျွန်တော့်ဘ၀ အတွက် အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ စာအုပ်ကတော့ ဦးဌေးအောင် ဘာသာပြန်တဲ့ “ဆုံးဖြတ်မှု အတတ်ပညာ” ဖြစ်ပါတယ်။ Robert Frost ရဲ့ The Road Not Taken ကဗျာထဲက သဘောမျိုးပါ။

စာကြီးပေကြီးနဲ့ စာကောင်းပေမွန် ဘယ်စာပေက ပိုပြီး တန်ဖိုး ရှိစေ တာလဲ။ ဘယ်လို ကွာဟမှု ရှိပါသလဲ။

အဲဒါ ဖြေရ အလွန်ခက်ပါတယ်။ စာကြီးပေကြီး ဆိုတာ ကာလနဲ့ ဆိုင်ပြီး စာကောင်းပေမွန် ဆိုတာ အရည်အသွေးနဲ့ ဆိုင်တာ ဖြစ်တဲ့အတွက် ဖြေ ရတာ ခက်နေတာ။

လူတစ်ယောက်ရဲ့ ဘ၀မှာ ပညာတတ် ဘွဲ့ရ ဖြစ်ရေး၊ မဖြစ်ရေး ဆိုတာ လိုအပ်ချက် တစ်ခုလို့ သင်ယူဆ ပါသလား။

ပညာဆိုတာကို ဘယ်လို ခံယူသလဲ ဆိုတာနဲ့ ဆိုင်ပါတယ်။ အရေးကြီးတာက အသိအမြင် ရှိဖို့ပါ။

ဘွဲ့ကြီးတွေ ရပြီး အလွတ် ကျက်ထားတဲ့ လက်တစ်လုံး စာကျောင်းစာလောက်ပဲ ခေါင်းထဲ ရှိနေရင် ဘာလုပ် ရမှာလဲ။

ပညာတတ်တွေဟာ တွေဝေတတ်တယ် ဆိုတာ ဟုတ်ပါသလား။ ဆရာ့ အမြင်ကို သိချင်ပါတယ်။
ပညာတတ်မှသာ မဟုတ်ပါဘူး။ တွေဝေတတ် သူဟာ တွေဝေမှာ ချည်းပါပဲ။ Ignorant is bliss ဆိုတာကို အသိအမြင် နည်းလို့ ဆင်ခြင်စရာ မရှိလို့ မတွေဝေဘဲ နွားရူးဆူးထိုး ဆင်ကန်း တောတိုး လုပ်တာမျိုးကို စဉ်းစား ကြည့်ပါ။

ပညာတတ်ပြီး ကြီးပွား ချမ်းသာတဲ့ သူနဲ့ ပညာမတတ်ဘဲ ကြီးပွား ချမ်းသာ နေတဲ့သူ ဘယ်သူက အရေအတွက် ပိုများမယ် ထင်ပါသလဲ။

ဘယ်မှာလဲ။ နိုင်ငံနဲ့လူမျိုး အလိုက် ကွာပါတယ်။

လူတစ်ယောက်မှာ စိတ်နဲ့ဦးနှောက် ဘယ်ဟာက အဆုံးအဖြတ် ပေးတာလဲ။ သင်ရော အလုပ် တစ်ခုခု လုပ်မယ် ဆိုရင် “စိတ်”နဲ့ လုပ်သလား။ “ဦးနှောက်”နဲ့ လုပ်သလား။

နှလုံးသားက အဆုံးအဖြတ် ပေးတာပါ။

ထူးချွန် ထက်မြက်တဲ့ သူတွေကို “အတ္တကြီး” တဲ့သူတွေလို့ စွပ်စွဲခဲ့ရင် မှန်မလား။

ထူးချွန် ထက်မြက်ဖို့ အတွက် အတ္တစိတ် မရှိရင် မဖြစ်ဘူး။ Ego ဆိုတဲ့ သဘောပေါ့။ အတ္တကြီး တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖွင့်ဆိုပေးဖို့ လိုမယ်။ Self-Centred, eccentric, nelfish, greedy ဆိုတာမျိုးကိုလည်း အတ္တကြီးတဲ့ အထဲ ထည့်ရပါတယ်။ ဒါပေမယ့် အတ္တကြီးမှ ထူးချွန် ထက်မြက်တယ်တို့၊ ထူးချွန် ထက်မြက်ချင်ရင် အတ္တကြီး ရမယ်တို့ကို ယုံမနေသင့်ဘူး။ လူတိုင်းဟာ သူ့ကိုယ်ပိုင်ဟန်နဲ့“ကြောင်” တတ်ကြ တာချည်းပဲ။ အတ္တကြီးတယ် ဆိုတာ ကြောင်တာ ထက်ဆိုးတယ်။

လူတစ်ယောက်ရဲ့ ဘ၀မှာ အသိပညာနဲ့ အတတ်ပညာ ဘယ်ဟာ ပိုအရေးကြီးသလဲ။


အတတ် မရှိရင် ငတ်မယ်။ သူတောင်းစားတောင် တောင်းတတ်ရတယ်။ အသိပညာ မရှိရင် စက်ရုပ်ဖြစ်မယ်။

သင်သေသွားရင် သင့်နာမည် ကျန်ခဲ့မယ်လို့ ထင်လား၊ သင့်နာမည် တစ်လုံး ကျန်ရစ်ဖို့ အတွက် ဘာတွေ လုပ်ခဲ့မလဲ။

နက်ဖြန်အတွက် ကျွန်တော်စဉ်းစားရင် နိုင်ငံ အကြောင်းပဲ စဉ်းစားပါတယ်။
ကျော်စောမင်း

Comments

Popular posts from this blog

ထွက်ရပ်ပေါက်ဖို့

ဟင်းသီးဟင်းရွက်အခေါ်အဝေါ် များ