Written by လင်းအိမ်
ကျွန်တော့် အိမ်လေးဟာ ဟိုးအဝေးကို လှမ်းကြည့်လိုက်ရင် တောင်တန်းပြာပြာလေးကို မြင်ရ တယ်။ တောင်ခြေမှာ ကောက်လှိုင်း ဆွနေတဲ့ တောင်သူတွေကို မြင်ရတယ်။ တောင်တန်းပြာပြာ အောက်မှာ မိုးအကုန် ဆောင်းအကူးကောက် လှိုင်းဝါ၀ါလေးတွေ မြင် ရတာ ပန်းချီကား တစ်ချပ်ပဲ။
အိမ်ဘေးမှာ ချောင်းရိုးလေး ရှိတယ်။ ချောင်းရိုးလေးဘေးမှာ သပြေပင် ခပ်ကြီးကြီးတွေ ရှိတယ်။ အဲဒီ သပြေပင်ကြီးတွေ ပေါ်မှာ လာနားတတ်တဲ့ ဂျိုးကူသံ၊ ရေစီးသံနဲ့ သပြေရွက် ခတ်သံတွေလေးတွေဟာ နေ့လယ်ခင်းတွေဆို ကျွန်တော့် အိမ်လေးထဲ ရိုက်ခတ် လာတတ်တယ်။
ဆောင်းညနေခင်းလေးတွေမှာ ချောင်းရိုးလေး တစ်လျှောက် လမ်းလျှောက်ထွက်ရင်း တောင်စွယ် နေကွယ်ချိန်ဆို ဘယ်ဆီကို လွမ်းမှန်းမသိ လွမ်းဆွေးရတတ်တယ်။ ချောင်းရိုးလေးနဲ့ အပြိုင် လှည်းလမ်းကြောင်းလေးလည်း ရှိတယ်။ ညနေ ညနေဆို တောင်ခြေကအပြန် လှည်းတွေက ခလောက်သံတညံညံ။ ညနေ နေ၀င်ဆည်း ဆာဟာ ပီဘိ ပန်းချီကား တစ်ချပ်ပါပဲ။
တကယ်တမ်းတော့ ကျွန်တော် လက်ရှိ ရောက်ရှိနေရတဲ့ အိမ်ကတော့ နိုးထ မလာခင်ကတည်းက ကားသံတွေ ဆူနေတဲ့မြို့၊ ကတ္တရာ စေးနံ့နဲ့ မိုးနဲ့ ရောနေတဲ့ မြို့၊ တရုတ်သံဝဲ၀ဲ အင်္ဂလိပ် စကားသံညံ နေတဲ့မြို့၊ မိုးထိ မြင့်မားလှတဲ့ မိုးမျှော်တိုက်တွေ အပြည့်နဲ့မြို့၊ အနောက်တိုင်းကို အားကျနေတဲ့မြို့၊ မိုးလင်းက မိုးချုပ် အရေးတကြီး အလျင် လိုနေတဲ့မြို့၊ ခံစားမှု မရှိကြဘူး ထင်ရလောက်အောင် စက်ရုပ် ဆန်ဆန် လူသားတွေရဲ့မြို့၊ ကျွန်တော့်ရဲ့ စိတ်ကူးထဲက အိမ်လေးနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ မြို့ပါပဲ။ ဒီမြို့လေးထဲမှာ သောကတွေ သယ်ပိုးပြီး ထွက်ခွာခဲ့ဖူးတယ်။ စိတ်လက် ပေါ့ပါး လွတ်လပ်စွာ အိမ်ပြန်ခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ အိမ်အပြန် လမ်းတွေပေါ့။ ဒီလမ်းဟာ လူတိုင်း ကြုံဖူးကြတဲ့ လမ်းကလေးပါ။
ဘ၀တွေ စတင်ကတည်းက လျှောက်ခဲ့ရတဲ့ လမ်းပါ။ ဒါပေမဲ့ အိမ်အပြန်လမ်းတွေကတော့ ထပ်တူညီကြမှာ မဟုတ်ပါဘူး။ ဒေါသ ပေါင်းများစွာ တနင့်တပိုး၊ ထမ်းရွက်ပြီး သယ်ဆောင် လာရသလို ၀မ်းမြောက်မှု အပေါင်း ပွေ့ပိုက်ပြီး သယ်ဆောင်လာရတဲ့ အိမ်အပြန် လမ်းတွေလည်း ရှိပါတယ်။ ဘာမှ ထူးထူးခြားခြား မရှိဘဲ ပြန်လာရတဲ့ နေ့တွေကလည်း တပုံကြီးပါ။ ဘ၀မှာ အိမ်အပြန် လမ်းတွေကို မှတ်တမ်းတင်၊ မြေပုံရေး ဆွဲရရင်တော့ ကုန်ဆုံးနိုင်မယ် မထင်ပါဘူး။ ကျွန်တော့်ရဲ့ အိမ်ပြန်ချိန်နဲ့ လမ်းဟာ သူများတွေ အတွက်တော့ ပြောင်းပြန်ပါ။ ည ၈ နာရီမှာ အလုပ်ဝင်ပြီး မနက် ၈ နာရီမှာ အလုပ်ထွက် ကျွန်တော့် အတွက်တော့ သူများတွေနဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။ ကျွန်တော်က တာဝန်တွေ ပြီးဆုံးသွားလို့ အိမ်ကို မောပန်း၊ နွမ်းလျ၊ ပြန်ချိန်မှာ တခြားလူတွေ အားသစ်၊ မာန်သစ်နဲ့ အလုပ် သွားနေကြချိန်ပါပဲ။
ကျွန်တော့်လို လူတွေ အများကြီး ရှိမှာပါပဲ။ ဒီလိုပါပဲ ကမ္ဘာကြီးရဲ့အရှေ့ခြမ်း မှာ မိုးလင်းစ ပြုလို့ အလုပ်တွေ စတင်နေချိန်မှာ ကမ္ဘာကြီးရဲ့ အနောက်ခြမ်းက လူတွေက ချစ်မြတ်နိုးရာ အိမ်ဆီသို့ အပြန်လမ်း ပေါ်မှာပါ။ သူတို့တတွေ စိတ်သောကတွေပဲ သယ်ဆောင် သွားနိုင်တာလား။
စိတ်လက်ပေါ့ပါးစွာပဲ ကိုယ့်နေရာ အိမ်ဆီ ပြန်နိုင်ကြသလား။ ဒါမှမဟုတ် ရေရေရာရာ ထူးခြားမှု မရှိဘဲ အိမ်အပြန်လမ်း ပေါ်လျှောက် နေကြတာလား ဆိုတာကိုတော့ ကိုယ်တိုင် လျှောက်လှမ်း နေသူတွေပဲ သိနိုင်မှာပါ။ ကျွန်တော်ကတော့ လူတိုင်းကို ကမ္ဘာကြီးရဲ့ အရှေ့ခြမ်းက နေလုံးကြီးနဲ့ အတူ ကမ္ဘာကြီးရဲ့အနောက်ခြမ်း အထိ မနားတမ်း လျှောက်ကြည့်စေချင်ပါတယ်။ အလွမ်းတွေ၊ သောကတွေ၊ ဝေဒနာတွေ၊ အပျော်တွေ ဘယ်လမ်းပေါ် ကျန်နေရစ်မလဲ သိရအောင် ကျွန်တော်ကတော့ ဘာကိုပဲ သယ်ဆောင်သွားရ သွားရ “ချစ်သူ့ မြို့လေးဆီ အမေ့ရဲ့ အိမ်လေးဆီ”
လင်းအိမ်
Comments
Post a Comment